လာမာဆီယာ၊ မဲဝုဒ်တွေကမှ ဘရန့်ဖိုဒ့်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးရှင် ဖြစ်လာတဲ့ ကာနိုစ့်

ဘရန့်ဖိုဒ့်တိုက်စစ်သမား ဆာဂျီ ကာနို့စ်ဟာ နောက်ဆုံးမှာတော့ အင်္ဂလန်ဘောလုံးလောကမှာ သူနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ပြီး ဒီအတွက် ဗြိတိန်ဘောလုံးလောကမှာ ကျင်လည် ၈ နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။

စပိန်သားဟာ ဒီရာသီအတွက် ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်ခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဧရိယာအတွင်းကနေ တိုက်ရိုက် အပြင်းကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့အချိန် ပရိသတ်တွေက အုတ်အော်သောင်းနင်း အားပေးခဲ့ကြတာပါ။

၇၃ မိနစ်မှာ ဘရန့်ဖိုဒ့်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ခရစ္စတီယန် နော်ဂတ်က ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် တန်းတက်လာတဲ့ အနောက်လန်ဒန် ကလပ်အတွက် ပထမဆုံး ပွဲမှာ၊ ပထမဆုံးအကြိမ် နိုင်ပွဲရရှိစေခဲ့တာ ဖြစ်ပါတယ်။

ပွဲသိမ်း ခရာမှုတ်အပြီး မြင်ကွင်းတွေက အမှတ်တရပါပဲ။ နည်းပြ သောမတ် ဖရန့်ဟာ အားပါးတရ ပြုံးပြီး အော်ဟစ်ကာ ပွဲကြည့်စင်က ဘရန့်ဖိုဒ့် ပရိသတ်တွေကို သွားဖက်ခဲ့ပါတယ်။ သူ့ ကစားသမားတွေကလဲ ကွင်းထဲမှာ အောင်ပွဲအတွက် ပတ်ပြေးခဲ့ကြပြီး ပရီးမီးယားလိဂ်ကို အလှပဆုံး နှုတ်ဆက်ခဲ့ကြပါတယ်။

ဘရန့်ဖိုဒ့် ပရိသတ်တွေ ဂုဏ်ယူမဆုံး ပျော်မဆုံး ဖြစ်ခဲ့ကြပြီး အဲ့ဒီ့ ပျော်ရွှင်မှုဟာ တော်ရုံနဲ့ အဆုံးမသတ်နိုင်ခဲ့ပဲ သောကြာနေ့ညမှာ သူတို့တွေ ပါတီပေးခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကာနို့စ်အတွက်တော့ အဲ့ဒီ့ ဂိုးသွင်းနိုင်တာဟာ သူ့ကစားသမားဘဝအတွက် သိပ်ကို အရေးပါလှပါတယ်။

“ ကွင်းထဲမှာ ပထမဆုံးဂိုးကို သွင်းယူနိုင်ဖို့ ကျွန်တော် အိမ်မက်မက်ခဲ့တာပါ။ ဒီလူတွေက ဒီနိုင်ပွဲနဲ့ ထိုက်တန်တယ်။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ ၃ မှတ် ရရှိဖို့ ထိုက်တန်ပါတယ်။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် သိပ်ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော့် ဦးလေးနှစ်ယောက်ဆိုရင် ဒီပွဲကိုကြည့်ဖို့ စပိန်ကနေ လာခဲ့တာပါ။ စပိန်က ကျွန်တော့်မိသားစုအားလုံး ဒီပွဲကို လာကြည့်ကြတာကြောင့် ကျွန်တော့်အတွက် ဒါက အံ့ဩစရာပါပဲ” လို့ ပွဲအပြီးမှာ ကာနို့စ်က ပြောပြခဲ့ပါတယ်။

ကာနို့စ်ဟာ အသက် ၁၃ နှစ်အရွယ် ၂၀၁၀ မှာ လာလီဂါကလပ် ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကို ပြောင်းရွှေ့ခဲ့တယ်။ ဂုဏ်သတင်းကြီးမားတဲ့ အကယ်ဒမီမှာ နေထိုင်ရခြင်းရဲ့ ဆွဲဆောင်မှုကို သူက အမှတ်တရ ပြောပါသေးတယ်။

“ပက်ဂွာဒီယိုလာက တစ်ရာသီထဲ ဖလား ၆ လုံး ရခဲ့တဲ့ အချိန်ပေါ့။ အဲ့ဒါက အံ့ဩစရာကောင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ လာမာစီယာက “Wow, La Masia” ဖြစ်လာခဲ့တာလေ။ အဲ့ဒီ့ လာမာစီယာမှာ ကျွန်တော်တို့ နေခဲ့ကြတာပေါ့။

အခုတော့ ကျွန်တော် ရီမောမိပေမယ့် အဲ့ဒီ့တုန်းက ကျွန်တော်တို့ဟာ အခန်းပြတင်းပေါက်ကနေ အပြင်ထွက်ကြည့်လေ့ရှိတယ်။ မြို့ထဲလှည့်တဲ့ ဘတ်စ်ကားကို မြင်ရတယ်လေ။ လူတိုင်းက ဓာတ်ပုံတွေရိုက်ကြတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက မက်ဆီ၊ အင်နီယေစတာ၊ ဘူးစကွက်၊ ပီကေး၊ ပူယိုးလ်၊ ဗယ်ဒက်စ်တို့ နေခဲ့ကြတဲ့ နေရာတွေ ဖြစ်လာတာကိုး”လို့ ကာနို့စ်က ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

အဲ့ဒီ့နောက် မကြာခင်မှာပဲ အင်္ဂလန်ကလပ်တွေဟာ သူ့ရဲ့ အရည်အသွေးတွေကို သတိထားမိလာကြပြီးတော့ ၂၀၁၃ မှာ မန်နေဂျာဘရန်ဒန်ရော်ဂျာရဲ့ လီဗာပူးက သူ့ကို ခေါ်ယူခဲ့မှုကြောင့် မာဆေးဆိုဒ်ထံ ရောက်ရှိလာခဲ့ပါတယ်။ ကာနို့စ်ဟာ မဲဝုဒ် လေ့ကျင့်ရေးကွင်းဟောင်းနဲ့ နီးတဲ့ အနောက်ဒါဘီက မိသားစုတစ်ခုနဲ့အတူ ၂ လ လောက် နေခဲ့ပြီးတော့ အင်္ဂလန်ကို သူ့မိသားစု ပြောင်းမလာခင် သူ့ရဲ့ အင်္ဂလိပ်စကားကို တိုးတက်အောင် ကြိုးစားခဲ့ပါတယ်။

“ဘာစီလိုနာမှာ မင်းက ယူ ၁၈၊ ယူ ၁၉ တို့မှာ ပါနိုင်တယ်လို့ သူတို့က ပြောခဲ့ပေမယ့် ကျွန်တော် တကယ့် ဘောလုံးပွဲကို မကစားနိုင်ခဲ့ဘူး။ လီဗာပူးက တကယ့် ပရော်ဖက်ရှင်နယ် ဘောလုံးအဆင့်မှာ ကစားဖို့ အခွင့်အရေးနဲ့ ကျွန်တော့်ကို ကမ်းလှမ်းခဲ့ပြီး ကျွန်တော်က တခါလေ အသင်းကြီးနဲ့ လေ့ကျင့်ခွင့် ရခဲ့ပါတယ်။

အသက် ၁၆ နှစ်သား ကလေးတစ်ယောက်အတွက် ဒါက အံ့ဩစရာပဲလေ။ မင်းက ဆွာရက်ဇ်၊ စတီဗင်ဂျရတ်တို့နဲ့ အတူ လေ့ကျင့်ရမယ်လို့ လာပြောရင် လက်ခံကြမှာပဲ။ ဘယ်အချိန် လာပြောပြော ဒီလို အခွင့်အရေးကို ကျွန်တော် လက်ခံမှာပါ”လို့ ကာနို့စ်က ဆိုပါတယ်။

အန်ဖီးမှာ အကောင်းမြင်စရာ အမှတ်တရတွေ ရှိပေမယ့်လဲ သူဟာ ကလပ်မှာ သူ့ရဲ့ အလားအလာတွေကို ပြသဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ၂၀၁၅-၂၀၁၆ ရာသီ ဘရန့်ဖို့ဒ်ကို အငှားထွက်ချိန်မှာ အထင်ကြီးစရာ ရလဒ်တေါရခဲ့အပြီး နောက်ရာသီမှာ နော့ဝစ်ကို ပေါင် ၃. ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးက သူ့ကို ၅ နှစ်စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကာနို့စ်က ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ရာသီအပြီး နော့ဝစ်မှာ အခြေမကျခဲ့တဲ့နောက် ဘရန့်ဖိုဒ့်ကို ပြန်သွားခဲ့ပြီး အဲ့ဒီ့မှာ အရာအားလုံး စတင်ခဲ့တာပါ။ ဘရန့်ဖိုဒ့်ကို ပြန်ရောက်လာပြီးနောက်ပိုင်း သူ့ရဲ့ ပျော်ရွှင်မှုတွေက ကွင်းထဲမှာ သက်သေပြခဲ့ပြီး အခုဆိုရင် ကလပ်အတွက် ၂၀၉ ပွဲမှာ ၃၃ ဂိုး နဲ့အတူ အရေးပါတဲ့ အသင်းသားတစ်ယောက် ဖြစ်လာပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက ဖူဟမ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပလေးအော့ဖ်ကို အရေးနိမ့်ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် မရခြင်းကြောင့် အသည်းကွဲခဲ့ရတယ်။ ဘရန့်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ပလေးအော့ဖ်ကို အနိုင်ရရှိပြီး ဝင်ဘလေကနေ ပျော်ရွှင်စရာ အမှတ်တရတွေ ပိုင်ဆိုင်ခဲ့ကာ ပရီးမီးယားလိဂ်ထံ တန်းတက်ခွင့်ရလာခဲ့ပါတယ်။

အခု အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး အင်္ဂလန်ထိပ်သီးလိဂ်မှာ ပထမဆုံး ပွဲဦးထွက် ရာသီအတွက် အဆင်သင့်ဖြစ်နေတဲ့ ကာနို့စ်အတွက် နောက်ပြန်ကြည့်စရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။ အဲ့ဒီ့အစား သူဟာ ဘရန့်ဖိုဒ့်နဲ့အတူ အများကြီး ပိုလုပ်ပြဖို့ ယုံကြည်မှု ရှိနေပါတယ်။

“ကျွန်တော် စိတ်လှုပ်ရှားခဲ့ပါတယ်။ မညာပါဘူး။ ဒါက ကစားမားများစွာအတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲ ဖြစ်ခဲ့တာပါ။ ပထမဆုံးပွဲမှာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ရပြီး သူတို့ကို ကျွန်တော်တို့ အများကြီး လေးစားမှုရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ ရှိနေဖို့ ဘာကြောင့် ထိုက်တန်လဲဆိုတာကို ပြသခဲ့တယ်။

အိမ်ကွင်းက ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ခံတပ်ကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေက အပတ်တိုင်း ဒါကို လုပ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူတို့ကို လိုအပ်တယ်လေ။ ကျွန်တော်တို့အားလုံးက ကလပ်တစ်ခု အနေနဲ့ တသားတည်းပဲ။ ဒါက ခက်ခဲတဲ့ လိဂ်ဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကို ကျွန်တော်တို့ လိုအပ်တယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။