မက်ဆီ ခေါ်ယူမှု အပါအဝင် ဥရောပဘောလုံးလောကကို ကိုင်လှုပ်ခဲ့တဲ့ အတွဲလိုက် ခေါ်ယူမှု (၄) ခု

ဒီနွေအပြောင်းအရွှေ့မှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ဘောလုံးပရိသတ်တွေ မင်သက်ရလောက်တဲ့ ကစားသမား ခေါ်ယူမှုတွေကို လုပ်ပြထားခဲ့ပြီဖြစ်ပါတယ်။

အင်တာမီလန်မှ ညာအစွန်-တောင်ပံသမား ဟာကီမီကို ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူခဲ့တဲ့ ပီအက်စ်ဂျီဟာ ယူရို ၂၀၂၀ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့ ဒွန်နာရူမာ၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို အောင်နိုင်ခဲ့တဲ့ ဝိုက်နယ်ဒမ်၊ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟောင်း ရာမိုစ့်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေဖြင့် ခေါ်ယူခဲ့တယ်။

ထပ်ပြီးလည်း ပီအက်စ်ဂျီအသင်းဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး နွေခေါ်ယူမှုထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်စေမယ့် ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီကိုပါ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဥရောပဘောလုံးသမိုင်းမှာ အခုလို စိတ်လှုပ်ရှားစရာ စီးရီးလိုက် ခေါ်ယူမှုတွေကို အများကြီး မြင်တွေ့ထားရခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေပြီး ပြောင်းရွှေ့ကြေး သန်းပေါင်းများစွာ ကုန်ကျခဲ့တဲ့ အခြားသော စီးရီးလိုက် ခေါ်ယူမှုတွေကိုလည်း ဖော်ပြလိုက်ပါတယ်။

၂၀၁၇ ခုနှစ် ပီအက်စ်ဂျီအသင်းရဲ့ ပေါင် (၃၇၂) သန်းတန် ခေါ်ယူမှုများ
ဈေးအကြီးဆုံးကစားသမား – နေမာ (ပေါင် ၁၉၈ သန်း)

ဥရောပမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပြောင်းအရွှေ့ ကိစ္စတွေဖြစ်ပေါ်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာ တိုက်စစ်သမား နေမာအတွက် စာချုပ်ပါကြေး ယူရို ၂၂၂ သန်းကို ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ကမ္ဘာဘောလုံးလောကကြီး တစ်ခုလုံး ပါးစပ် အဟောင်းသားဖြစ်ခဲ့ရတယ်။ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်၊ လာလီဂါဖလားတွေ အောင်မြင်ထားသလို နေမာဟာ ကမ္ဘာစံချိန်တင်ကြေးဖြင့် ပဲရစ်ကို ပြောင်းရွှေ့ခဲ့တယ်။

အဆိုပါနွေမှာပဲ မိုနာကိုရဲ့ အတောက်ပဆုံး ကစားသမားဖြစ်တဲ့ အမ်ဘတ်ပီဟာ နောက်နှစ်နွေမှာေ ပါင် သန်း ၁၆၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှုနဲ့အတူ ပီအက်စ်ဂျီထံ ရောက်ရှိခဲ့တယ်။ ပဲရစ်အခြေစိုက်ကလပ်ဟာ ဘာစီလိုနာမှ ဒန်နီအဲဗက်စ်ကို အလွတ်ဖြင့် ခေါ်ယူခဲ့သေးသလို ဆိုစီဒက်မှာ ဘာချီချိန်ကိုလည်း ပေါင် ၁၅ သန်းဖြင့် ခေါ်ယူခဲ့သေးတာ ဖြစ်ပါတယ်။

၄ နှစ်အကြာမှတော့ ပီအက်စ်ဂျီဟာ ကမ္ဘာဘောလုံးလောကို နောက်တစ်ကြိမ် အံ့သြသင့်စေခဲ့ပြန်ပါပြီ။

၂၀၂၀ ခုနှစ် ချယ်ဆီးအသင်းရဲ့ ပေါင် (၂၂၈.၅) သန်းတန် ခေါ်ယူမှုများ
ဈေးအကြီးဆုံးကစားသမား – ဟာဗက်စ် (ပေါင် ၇၂ သန်း)

လမ်းပတ်ရဲ့အသင်းဟာ အဓိက ကစားသမား ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ထံ စွန့်လွှတ်ခဲ့ရတဲ့နောက် နွေဈေးကွက်မှာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော် ထုတ်သုံးပြီး ကစားသမားကောင်းတွေကို အင်အားဖြည့်ခဲ့တယ်။ ဖေဖော်ဝါရီထဲက ပေါင် ၃၇ သန်းဖြင့် သဘောတူညီထားတဲ့ ဇီယက်စ်က ၂၀၂၀ နွေမှာ ချယ်ဆီးနဲ့ လာရောက် ပူးပေါင်းခဲ့ပါတယ်။

အဲ့နောက်မှာ လေဗာကူဆင်မှ ဟာဗက်အတွက် ကလပ်စံချိန်တင်ကြေး ပေါင် ၇၂ သန်း ပေးခဲ့ပြီး ကီပါနေရာ ဖိအားပေးဖို့ရာ ဂိုးသမား မန်ဒီအတွက် ပေါင် ၂၂ သန်း ထပ်မံ အကုန်အကျခံခဲ့တာဖြစ်တယ်။ ဆိုးရွားတဲ့ ရလဒ်ကြောင့် လမ်းပတ် ရာထူးက ထုတ်ပယ်ခံခဲ့ရပေမယ့် နောက်ပိုင်း ဆက်ခံတဲ့ တူချယ်က ချယ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား အောင်မြင်စေခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မန်စီးတီးအသင်းရဲ့ ပေါင် (၂၀၆.၅) သန်းတန် ခေါ်ယူမှုများ
ဈေးအကြီးဆုံးကစားသမား – ဝေါ်ကာ (ပေါင် ၄၉ သန်း)

ဂွာဒီယိုလာရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အမှတ်ပေးဇယား တတိယနေရာပဲ ရခဲ့တဲ့နောက် မန်စီးတီးက စပိန်သားအလိုကျ အသုံးစရိတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ပထမဆုံးခေါ်ယူမှုက မိုနာကိုမှ ကွင်းလယ်လူ ဘာနာတို ဆေးဗားအတွက် ပေါင် ၄၃ သန်း သုံးမှုဖြစ်ပြီး ဂိုးသမား ဘရာဗိုနေရာ အစားထိုးဖို့ အီဒါဆန်အတွက်လည်း ပေါင် ၃၄ သန်း အကုန်အကျခံ ခေါ်ယူခဲ့ပါတယ်။

ခံစစ်ပိုင်းအတွက် အင်အားဖြည့်ရာမှာ စပါးနဲ့ ရီးရဲလ်မက်ဒရစ်မှ ညာအစွန်လူ နှစ်ဦးဖြစ်တဲ့ ဝေါ်ကာနဲ့ ဒန်နီလို နှစ်ဦးအတွက် ပေါင် ၇၅.၅ သန်းအပြင် မိုနာကိုမှ ဘယ်အစွန်လူ မန်ဒီကိုလည်း ပေါင် ၄၈ သန်း သုံးပြီး ခေါ်ယူခဲ့တယ်။ မန်စီးတီးက လူငယ်ကြယ်ပွင့် ဒေါက်ကလပ် လူးဝစ်ကိုလည်း ခေါ်ယူခဲ့ပေမယ့် ဂျီရိုနာအသင်းထံ အငှားပြန်ချခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပေါင် (၂၁၆) သန်းတန် ခေါ်ယူမှုများ
ဈေးအကြီးဆုံးကစားသမား – စီရော်နယ်ဒို (ပေါင် သန်း ၈၀)

လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ရီးရဲလ်မက်ဒရစ် လုပ်ဆောင်ခဲ့တဲ့ နွေခေါ်ယူမှုကတော့ ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမား အတွဲလိုက် ခေါ်ယူမှု ဖြစ်နေဆဲပါပဲ။ ပရီးမီးယားလိဂ် အကျော်အမော် ဖြစ်လာတဲ့ စီရော်နယ်ဒိုကို ယူနိုက်တက်ကနေ ကမ္ဘာစံချိန်တင်ကြေး ပေါင် သန်း ၈၀ ပေးပြီး ခေါ်ယူခဲ့တယ်။ ပရိသတ် ၈၀၀၀၀ ရှေ့မှာ ရော်နယ်ဒိုကို မိတ်ဆက်ခြင်းက သမိုင်းဝင် ညတစ်ည ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် ပွဲပေါင်း ၄၃၈ ပွဲမှာ သွင်းဂိုး ၄၅၀ သွင်းယူမှုနဲ့အတူ ရော်နယ်ဒိုဟာ လာလီဂါကလပ်အတွက် ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အနိုင်ရအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။

၂၀၀၉ နွေမှာ ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးမှ အလွန်ဆိုနဲ့ လိုင်ယွန်မှ ဘန်ဇီမာတို့ကိုလည်း တစ်ဦးလျှင် ပေါင် သန်း ၃၀ ပေးပြီးေ ခါ်ယူခဲ့တယ်။ ရော်နယ်ဒိုကို မခေါ်ခင်မှာ ကမ္ဘာစံချိန်တင်ကြေးနဲ့ အေစီမီလန်မှ ကာကာကို ပေါင် ၅၆ သန်း ပေးပြီး ခေါ်ယူခဲ့သေးတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ခေါ်ယူမှုထဲမှာတော့ ရာအူးလ် အယ်ဘီယွန်၊ နီဂရီဒို၊ အဘီလိုအာတို့လည်း ပါဝင်ခဲ့သေးတာဖြစ်ပါတယ်။

လာမယ့်နွေမှာ ဘောလုံးပရိသတ်တွေက အဆိုပါ စီးရီးလိုက် ခေါ်ယူမှုတွေကို ထပ်မံ မြင်တွေ့ရလာဖို့ ရှိလာဦးမလား? ဒါကတော့ အချိန်ကပဲ သက်သေပြသွားမှာဖြစ်ပါတယ်။