ဆိုးရှား အောင်မြင်မှာ မလိုလား၊ မနာလိုနေသူတွေက ဝိုင်းဝန်း ပြောဆိုနေကြတယ်လို့ ယော့ခ် စွပ်စွဲ

လူတွေက ဆိုးရှား အောင်မြင်တာကို မမြင်ချင်ကြဘူးလို့ ဒွိုက်ယော့ခ်က ပြောဆိုခဲ့သလို ယူနိုက်တက်နည်းပြအပေါ် ဝေဖန်မှုတွေက တကယ်ကို မနာလိုလို့ ပြောနေကြတာပါလို့ ယုံကြည်နေပါတယ်။

နော်ဝေသားသာ မနှစ်က သရဲနီတွေကို ပရီးမီးယားလိဂ် အဆင့် ၃ နဲ့ ဆီမီးဖိုင်နယ် ၃ ပွဲ ကစားခွင့်ရအောင် ဦးဆောင်ခဲ့ပြီးတော့ သူခေါ်ယူခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာကာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ အကူအညီတွေကိုလည်း အပြည့်အဝ ရယူနိုင်ခဲ့တာပါ။

၂၀၂၀-၂၀၂၁ ရာသီသစ် မစခင် ကာဗာနီ၊ အဲလက်စ် တဲလက်စ်နဲ့ ဒွန်နီဗန်ဒီဘိခ်တို့ကို ခေါ်ယူခဲ့ပြီးတော့ ဒီရာသီမှာ မန်ချက်စတာ ကလပ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကို ရှာဖွေပေးနေခဲ့တယ်။ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်သစ်မှာ အမှတ်ပေးဇယားထိပ်ကို ရယူနိုင်ခဲ့တာပါ။

ဒီဇင်ဘာ အစောပိုင်းမှာ ချန်ပီယံလိဂ်က ထွက်ခွာရမှုနဲ့အတူ ဆိုးရှားရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် သရဲနီတွေဟာ ကြီးမားတဲ့ ဖိအားတွေကြားကနေ အပြောင်းအလဲလုပ်ဖို့အတွက် ကလပ်ဂန္တဝင်နဲ့အတူ ယုံကြည်မှုထားခဲ့ပြီးတော့ အဲ့နောက်ပိုင်းမှာ သူတို့ရဲ့ စိတ်ရှည်သည်းခံမှုအတွက် ဆုလာဘ်ပြန်ရခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၇ ပွဲ အနိုင်ရရှိခဲ့ပါတယ်။

“အိုလီကို မနာလိုနေကြတာတွေ အများကြီးပါ။ လူတွေက တချို့ အကြောင်းပြချက်တွေကြောင့် သူအောင်မြင်တာကို မကြည့်ချင်ကြဘူး။ ကျွန်တော် ယူနိုက်တက်အကြောင်း လူတွေပြောနေကြတာကို စောင့်ကြည့်ခဲ့တယ်။ သူတို့က လုံးဝကို မနာလိုနေကြတာပါ။

အိုလီက ကာဒစ်ဖ်မှာ မအောင်မြင်ခဲ့ဘူး။ ပြီးတော့ မိုလ်ဒီအသင်းကနေ အခုလို ဘောလုံးလောကရဲ့ ထိပ်တန်းကလပ်ဆီ ရောက်လာတယ်။ ဘောလုံးလောက က လူတွေက အခွင့်အရေးတစ်ခုအတွက် မျှော်လင့်နေကြတာဖြစ်ပြီးတော့ အိုလီက အဲ့ဒီ့ထဲကမှ ထိပ်တန်းအခွင့်အရေးကို ရခဲ့တာပါ”လို့ ယော့ခ်က ပြောဆိုခဲ့ပါတယ်။

မကြာသေးမီက အပတ်တွေမှာ အိုလီက သူ့အပေါ် သံသယရှိသူတွေ မှားနေကြောင်းကို သက်သေပြခဲ့သလို ယူနိုက်တက် တိုက်စစ်မှူးဟောင်းက သူ့အသင်းဖော်ဟောင်းရဲ့ အောင်မြင်မှုအတွက် ဝမ်းသာနေခဲ့ပြီး မကောင်းမြင်နေတာတွေကို လျစ်လျူရှုကာ သူ့ရဲ့ ထိုက်တန်မှုကို ပြသနိုင်ခဲ့တဲ့ အရည်အသွေးကို ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး ယော့ခ်က အိုလီဟာ မေလမှာ ကလပ်ရဲ့ ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို အောင်မြင်စေလိမ့်မယ်လို့လဲ တစ်ပေးခဲ့တာပါ။

“သူက အဲ့ဒီ့ဘေးက ပြောဆိုမှုတွေကို လျစ်လျူရှုခဲ့ပြီးတော့ သူ့ရဲ့ ယုံကြည်မှုကို မြဲမြဲဆုပ်ကိုင်ထားခဲ့တယ်။ ယူနိုက်တက်မှာ ကစားသမားတစ်ယောက် အနေနဲ့ သူ့ရဲ့ အတွေ့အကြုံရော ယူ-၂၃ နဲ့ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ အားလုံးကိုပါ အသုံးချခဲ့တယ်။

သူက ဒီအခွင့်အရေးကို ဆုပ်ကိုင်ခဲ့ပြီးတော့ အခု သူတို့ ဘယ်နေရာမှာ ရောက်နေလဲဆိုတာ ကြည့်လိုက်ပါ” လို့ ဒွိုက်ယော့ခ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI – လူတွေက ဆိုးရှား အောင်မြင်တာကို မမြင်ချင်ကြဘူးလို့ ဒွိုက်ယော့ခ်က ပြောဆိုခဲ့သလို ယူနိုက်တက်နည်းပြအပေါ် ဝေဖန်မှုတွေက တကယ်ကို မနာလိုလို့ ပြောနေကြတာပါလို့ ယုံကြည်နေပါတယ်။








