‘Do or Die’ အနေအထားကို ရင်ဆိုင်ပြီး သမိုင်းသစ် ရေးထိုးမယ်ဆိုတဲ့ ဂျွန်စတုန်း

မနှစ်က မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အောင်မြင်ထားမှု အတွေ့အကြုံကြောင့် ယခုနှစ် စိတ်လှုပ်ရှားစရာပြိုင်ပွဲမှာ လီဗာပူးကို တွန်းထုတ်နိုင်ရင် ပိုပြီးတော့တောင် ထူးခြားလိမ့်မယ်လို့ ဂျွန်စတုန်းက ယုံကြည်မှုရှိနေပါတယ်။

ဘန်လေကို 1-0 နဲ့ အနိုင်ရခဲ့တာကြောင့် စီးတီးဟာ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်သွားပြီး လက်ကျန်နှစ်ပွဲမှာ လက်စတာစီးတီးကို အိမ်ကွင်းနဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးဟာ ဖိအားတွေကို လက်ဖျားခါရလောက်အောင် ကိုင်တွယ်ဖြေရှင်းခဲ့ပြီး လီဗာပူးနဲ့ မတူတာက သူတို့မှာ လက်ထဲဖလား မရောက်ခင် ဒီလိုအခြေအနေတွေ ကြုံခဲ့ဖူးတဲ့ ကစားသမားတွေ ရှိနေတာပါ။

ဖိအားတွေကို ရင်ဆိုင်ဖို့ရာ မန်စီးတီး အသင်းသားတွေက အချိန်တိုင်းကို သူတို့ပျော်ရွှင်နေတာကြောင့် ယခုတစ်ပတ်မှာ နယူးကာဆယ်နဲ့ ကစားရမယ့် ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

စတုန်းက ” ဒါက မတူညီတဲ့ အခြေအနေတစ်ခုပါ။ မနှစ်က ဒီအချိန်ဆို လိဂ်က ပြီးနေပြီ။ ထူးခြားတဲ့ အခြေအနေတစ်ခုလဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ထဲက အချို့က အရင်တုန်းက ဒီလိုအခြေအနေမှာ မရှိခဲ့ဘူး။ ဒီအချိန်ဟာ ကစားသမားတစ်ယောက်အနေနဲ့ အကောင်းဆုံးပုံစံတွေ ရရှိစေနိုင်တယ်လို့ ဗင်းဆင့်ကွန်ပနီ ပြောခဲ့တယ်လို့ ထင်တယ်။

ဒေးဗစ်ဆေးဗား၊ ဆာဂျီယို အဂွဲရိုးနဲ့ တခြားကစားသမား အနည်းငယ်ဟာ အရင်က ဒီလိုအခြေအနေကို ကြုံခဲ့ဖူးတယ်။ ဒါကြောင့် ဘယ်လိုခံစားရတယ်၊ အကောင်းဆုံးပုံစံရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့သိတယ်။ ဒါက အရာရာတိုင်းကို စိတ်လှုပ်ရှားစရာ ကောင်းစေပြီး ကျနော်တို့ကို အဆင်သင့်ဖြစ်အောင်နေဖို့ အမြဲသတိပေးနေတယ်။ မနှစ်ကလိုမျိုး အောင်မြင်ချင်လားလို့ ကျနော့်ကိုမေးရင် အင်းလို့ပဲဖြေမှာ။

ဒါပေမယ့် အခုက ကျနော်တို့ တကယ်ပျော်ရွှင်ခဲ့ပြီး ပုံစံကောင်းတွေရအောင် ကြိုးစားခဲ့ရတဲ့ အခြေအနေပါ။ ဒါကြောင့် ကျနော်တို့ကို ဖလားအောင်မြင်ဖို့ ပိုပြီးဆာလောင်စေတယ်၊ ဘာမှမတတ်နိုင်တော့တဲ့ အချိန်ထိ တိုက်ပွဲဝင်ဖို့ စိတ်ဓာတ်ကိုပေးတယ်။ ဒီလိုအခြေအနေရဲ့ အစိတ်အပိုင်းဖြစ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ” လို့ ပြောပါတယ်။

ဇန်နဝါရီမှာ နယူးကာဆယ်ကို ရှုံးပြီးနောက်ပိုင်း စီးတီးဟာ 12 ပွဲဆက် အနိုင်ရခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ခြေချော်မှာကို စိုးရိမ်နေရဆဲဖြစ်ပါတယ်။

” အဝတ်လဲခန်းထဲမှာ ဘယ်သူကမှ ပြီးခဲ့တဲ့ပွဲတွေကို အသာလေးနဲ့ အနိုင်ရဖို့လွယ်တယ်လို့ ပြောမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် အသင်း 20 လုံးဟာ ဘယ်အဆင့်မှာပဲရှိရှိ လွယ်ကူတဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ တန်းဆင်းပြီးသား အသင်းတောင်မှ သူတို့ကိုယ်တိုင်အတွက်၊ ကလပ်အတွက် တိုက်ပွဲဝင်နေဦးမှာပါ။ လိဂ်မှာ ကိုယ့်ထက် အဆင့်နိမ့်တဲ့ ဘယ်အသင်းကိုမှ အထင်သေးလို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် အဟုတ်ကြီးထင်နေရင်တော့ ခြေချော်မှာပဲ။

ဒီနေရာက ပြိုင်ဘက်ကင်းနေရာဖြစ်ပြီး ကျနော်တို့လက်ထဲရောက်နေတဲ့အရာကို ပြုတ်မကျချင်ပါဘူး။ ရာသီအစတုန်းကလိုပဲ အရာရာတိုင်းကို ကျနော်တို့လုပ်နေတယ်၊ ကောင်းကောင်းပြင်ဆင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်က ‘Do or Die’ ပဲလေ ” လို့ အင်္ဂလန် ခံစစ်သမားက ပြောပါတယ်။

စတုန်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုတံဆိပ်ကို တစ်ကြိမ်ရခဲ့ပြီးသားပါ။ ဒါပေမယ့် လီဗာပူးဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လို့ ဒုတိယအကြိမ် အောင်မြင်မှုက အဓိပ္ပါယ်ပိုရှိလိမ့်မယ်လို့ ဆိုပါတယ်။

” ကျနော် ဖလားတစ်လုံး ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒါကြောင့် နှစ်များစွာ ကျနော်တို့ မလုပ်နိုင်ခဲ့တဲ့ ဖလားနှစ်ကြိမ်ဆက်မျိုး ရမယ်ဆိုရင် ပိုပြီးထူးခြားပါလိမ့်မယ်။ ကျနော့်မိသားစုအတွက် ပိုပြီးတော့တောင် ထူးခြားမှာပါ။

ဒါက ကျနော်တို့ ကစားသမားတွေအတွက် သမိုင်းသစ်ရေးထိုးနိုင်မယ့် အရာပါ။ အရမ်းဂုဏ်ယူရမယ့် အရာလဲဖြစ်တယ်။ မနှစ်ကထက် ပိုကြီးမားတဲ့ အောင်မြင်မှု ဖြစ်မယ်လို့ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Sports Home Time