ဆောင်းပါး | ယူနိုက်တက်မှာ ပွဲထွက်ပေးဖို့ မလုံလောက်သူအဖြစ်မှ အေဂျက်ရဲ့ ဟီးရိုးဖြစ်လာသူ

လွန်ခဲ့တဲ့ 12 လလောက်က ဒေလီဘလိုင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားရလိမ့်မယ်လို့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကိုပြောရင် ရူးနေတယ်လို့ ထင်ကြမှာပါ။ ဘလိုင်းဟာ 2014 ကနေ 2018 အထိ အိုးလ်ထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရပြီးနောက် အေဂျက်အသင်းဆီ ပြန်သွားခဲ့ကာ အဲ့မှာလဲ ရုန်းကန်ရမှာပဲလို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါ့ဘာနဲ့ အပေါင်းအပါတွေအားလုံးက ဥရောပ ဂုဏ်သိက္ခာ အကြီးမားဆုံး ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို အိမ်ကနေ စောင့်ကြည့်ရမှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ငြင်းပယ်ခံခဲ့ရတဲ့ အသက် 29 နှစ်အရွယ် ကစားသမားကတော့ ချန်ပီယံလိဂ် ဖိုင်နယ်တက်နိုင်ဖို့ တော့တင်ဟမ်နဲ့ အပြိုင်ကြဲရတော့မှာဖြစ်ပါတယ်။

သူဟာ အေဂျက်အသင်းထဲမှာ ပါဝင်ပေမယ့် သိပ်ထူးချွန်တဲ့ ကစားသမားလို့ ပြောမယ့်သူ မရှိပါဘူး။ ဒါပေမယ့် မနှစ်က နွေရာသီမှာ အမ်စတာဒန်ကလပ်ဟာ အံ့အားသင့်ဖွယ် ယူရို 16 သန်းနဲ့ သူ့ကို ခေါ်ယူခဲ့တာက ဖလားအောင်မြင်နိုင်တဲ့ အရည်အသွေး ရှိလို့ဆိုတာတင်မက အတွေ့အကြုံရှိလို့လဲ ဖြစ်ပါတယ်။ ဒါ့အပြင် အေဂျက်ဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ ဒူဆန် တာဒစ်ကိုလဲ အဲ့ဒီ့်အကြောင်းပြချက်ကြောင့်ပဲ ယူရို 11.4 သန်းသုံးပြီး ခေါ်ယူခဲ့တာပါ။

နယ်သာလန် အကျော်အမော်ဟောင်း ဒီဘိုးဝါးက ” သူတို့ဟာ အသင်းအတွက် သိပ်ကောင်းတဲ့ အရည်အချင်းတွေ ယူလာခဲ့တယ်။ ဒါ့အပြင် သူတို့မှာ အတွေ့အကြုံလဲရှိတယ်။ အသင်းရဲ့ ဟန်ချက်ညီမှုက ပိုပြီးအင်အားကြီးလာပါတယ်။ အေဂျက်ဟာ တာဒစ်၊ ဘလိုင်း ၊ တက်ဂလီရာဖီကို တို့နဲ့အတူ အတော်လေး ပြီးပြည့်စုံလာတယ်။ ဒါက တန်ဖိုးဖြတ်လို့မရပါဘူး။

သူတို့တွေ အတူတကွ ပေါင်းစည်းပြီးလုပ်ကြတာ အရမ်းကောင်းတယ်။ 1995 လောက်က ကျနော်တို့ရဲ့ အချိန်တွေ ပြန်ရောက်လာသလိုပါပဲ။ ကျနော်တို့မှာ Frank Rijkaard နဲ့ Danny Blind တို့ ရှိခဲ့တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေက လူငယ်လေးတွေပါပဲ။ ” လို့ ရှင်းပြခဲ့ပါတယ်။

ဒေလီဘလိုင်းဟာ ချန်ပီယံလိဂ် အောင်မြင်ခဲ့တဲ့ သူ့အဖေရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး လူငယ်အသင်းမှာ အတွေ့အကြုံရှိတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အသင်းမှာ အသက် 30 ကျော် သုံးယောက်သာရှိပြီး ကျန်တာတွေက ဆယ်ကျော်သက်လေးတွေပါ။

ဒီထဲက လူငယ်စတားတစ်ယောက်ကတော့ အေဂျက်ရဲ့ အသင်းခေါင်းဆောင်လဲဖြစ်သလို ဘလိုင်းရဲ့ ဗဟိုခံစစ် တွဲဖက်လဲဖြစ်တဲ့ 19 နှစ်အရွယ် ဒီလစ်ဖြစ်ပါတယ်။ သူဟာလဲ ဘာစီလိုနာကို ပြောင်းသွားတဲ့ အသင်းဖော် ဖရန်ကီဒီဂျောင်နောက်ကို ဒီနွေရာသီမှာ လိုက်ဖို့ အလားအလာ ရှိနေပါတယ်။ နယ်သာလန်သားရဲ့ တန်ကြေးဟာ ပြီးခဲ့တဲ့လ အနည်းငယ်မှာ မယုံနိုင်စရာ မြင့်တက်လာခဲ့တာဖြစ်ပြီး ဒါက ဘလိုင်းနဲ့လဲ အကြီးကြီး ပတ်သက်နေပါတယ်။

” ဘလိုင်းရဲ့စာချုပ်ဟာ ဒီလစ်အတွက် အရေးပါခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒတ်ခ်ျအသင်းမှာ ဘလိုင်းနဲ့အတူတူ သူကစားချင်ခဲ့တယ်ဆိုတာ ကျနော်သိခဲ့တယ်လေ။ ” လို့ ဘောလုံးဒါရိုက်တာ မက် အိုဗာမားစ်က ရှင်းပြခဲ့ပြီး အေဂျက်ဟာ သူ့ကိုလိုချင်လွန်းလို့ ယူနိုက်တက်ကို အများကြီးပေးခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူဟာ အင်္ဂလန်မှာ ရုန်းကန်ခဲ့ရတဲ့ ကစားသမားဖြစ်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပါပဲ။

” ဗဟိုခံစစ်မှာ ဘလိုင်းနဲ့ ရိုဂျိုတို့ကိုထားပြီး ပွဲတွေကို အနိုင်ရဖို့ဆိုရင် ယူနိုက်တက်အနေနဲ့ သုံးဂိုးလောက် သွင်းဖို့လိုအပ်တယ်။ သူတို့က တချိန်လုံး ဂိုးတွေပေးမယ်ဆိုတာချည်းပဲ။ အန္တရာယ် ရှိမရှိ သူတို့မသိဘူး။ အရှိန်အဟုန်လဲ သူတို့မှာ မရှိဘူး။ ပြိုင်ဘက်နဲ့ ရင်ဆိုင်နိုင်လောက်တဲ့ ကြံ့ခိုင်မှုလဲ မရှိဘူး ” လို့ ပေါလ်စခိုးက ဝေဖန်ခဲ့ဖူးပါတယ်။

အင်္ဂလန်ကို ကျောခိုင်းခဲ့တာက ဘလိုင်းအတွက် အေဂျက်မှာ အောင်မြင်ဖို့ ဖြစ်စေခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကနေ စွန့်ခွာလာပြီးတဲ့နောက် သူဟာ ခြေစွမ်းတည်ငြိမ်မှု ရှိလာခဲ့တာပါ။

” ကျနော် ဘယ်နောက်တန်းနဲ့ ကွင်းလယ်မှာ ကစားနိုင်ဆဲပါ။ ဒါပေမယ့် အခု ဗဟိုခံစစ်မှာ အဆင်ပြေနေပါတယ်။ တိုက်စစ်ဆင်ဖို့ နောက်တန်းကနေစပြီးတည်တဲ့ ကစားကွက်ရဲ့ အစိတ်အပိုင်းဖြစ်ရတာ အံ့သြစရာကောင်းတယ်။ ” လို့ ယူနိုက်တက်နဲ့ ဒုတိယရာသီမှာ ဘလိုင်းက ပြောဆိုခဲ့ပါတယ်။

ဘလိုင်းဟာ သူနဲ့သူ့အဖေ အောင်မြင်ခဲ့တဲ့ ဖလားတွေအတွက် သူ့ကို နှစ်သက်ပြီးသားဖြစ်တဲ့ ကလပ်မှာ ကစားနေတာကြောင့် အကောင်းဆုံးပုံစံတွေ ပြန်ရခဲ့တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ပွဲတွေမှာ ဘလိုင်းဟာ ဒီလစ်ထက် ဘောလုံးလုယူနိုင်မှု ပိုများတယ်။ ဘောလုံးဖျက်ထုတ်နိုင်မှု ပိုများတယ်။ ပြစ်ဒဏ်ကျူးလွန်မှု ပိုနည်းပါတယ်။ သူ့ရဲ့ တွဲဖက်ခံစစ်ထက် အရည်အချင်းပိုရှိရုံမက သူ့ရဲ့ငယ်ဘဝကလပ်မှာ ဘယ်လိုအသားကျအောင် နေနိုင်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။

ဒါ့အပြင် အေဂျက်ရဲ့ စိတ်ကူး၊ အယူအဆဟာ လူးဝစ်ဗန်ဟား၊ ဟိုဆေးမော်ရင်ညိုတို့ထက် ပိုနည်းစနစ်ကျပါတယ်။ ဒါက ဘလိုင်းရဲ့ အဓိက အင်အားဖြစ်တဲ့ ပေးပို့မှုနဲ့ ပိုပြီးအံကိုက်ပါတယ်။

” သူက အရင်က ကွင်းလယ်တစ်ယောက်ဖြစ်တာမို့ အဲ့လို ဘောလုံးပေးပို့မှု အရည်အသွေးက ကောင်းမွန်တာဖြစ်ပါတယ်။ ” လို့ ခရစ်စမောလင်းက ပြောခဲ့ဖူးပါတယ်။

အင်္ဂလန်မှာ သူ ဝေဖန်ခံခဲ့ရတဲ့ ခံစစ်အားနည်းချက်က ဘာလဲ? ဟုတ်ပြီ။ ရိုးရိုးပဲတွေးကြည့်။ မင်းဘေးမှာ ဖီးဂျုံးထက် ကမ္ဘာ့အကောင်းဆုံး လူငယ်ခံစစ်တစ်ယောက်ရှိတဲ့အခါ ဒါကို ပိုမြင်လွယ်ပါလိမ့်မယ်။

” ဒီလစ်နဲ့ ကျနော်က တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေကြတယ်။ ချန်ပီယံလိဂ်ပွဲတွေမှာ ကျနော်က မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်တယ်။ အဲ့ဒါက ကောင်းပါတယ်။ ” လို့ ဘလိုင်းက ဆိုခဲ့ပါတယ်။

ဘလိုင်းနဲ့ အေဂျက်အတွက် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ် နဲ့ ချန်ပီယံလိဂ်ဘုရင် ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်ကို ဖြုတ်ချနိုင်ခဲ့တာထက် ပိုကြီးကျယ်တဲ့ အဆင့်မရှိတော့ပါဘူး။ တကယ်လို့ သူနဲ့ ဒီလစ်ဟာ နောက်သုံးပွဲမှာ အဲ့အဆင့်ကို ထိန်းသိမ်းနိုင်ရင် ဒေလီဘလိုင်းဟာ 1995 မှာ ဒတ်ခ်ျကလပ်အတွက် ဥရောပဖလား ရယူပေးခဲ့တဲ့ ဖခင် ဒန်နီဘလိုင်းရဲ့ခြေရာကို နင်းနိုင်မှာဖြစ်ပါတယ်။

” အခုချိန်မှာ ကျနော့်အဖေက နည်းနည်းပိုပြီးတော့တောင် စိတ်လှုပ်ရှားနေနိုင်ပါတယ်။ ” လို့ ဘလိုင်းက ဟာသလုပ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွေ့အကြုံ၊ ကစားသမားတွေရဲ့ ကြိုးပမ်းမှု၊ ဒီလစ်ရဲ့ အရည်အချင်း တွေနဲ့အတူ အေဂျက်ရဲ့ ဖလားအောင်မြင်ဖို့ အခွင့်အရေးက ဟာသမဖြစ်နိုင်ပါဘူး။

Sports Home Time