စီနီယာအဆင့်ကို ရောက်လာတဲ့ အင်္ဂလန် ကြယ်ပွင့်တွေနဲ့ ပက်သက်လို့ ကိန်းရဲ့ မှတ်ချက်

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ချက်ကို 5-0 နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းဖော် တိုက်စစ်သမား စတာလင်ရဲ့ စွမ်းဆောင်ရည်ကို အထူးချီးကျူးခဲ့ပြီး hat-trick သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်သမားဟာ မယုံနိုင်လောက်အောင် ထူးချွန်သူလို့ မှတ်ချက်ပေးခဲ့ပါတယ်။

စတာလင်ဟာ မန်စီးတီးအသင်းနဲ့ ဘောလုံးရာသီကောင်းတစ်ခုကို ကော်ျဖြတ်နေပြီး ဒီရာသီ ပွဲ 40 ကစားပြီးချိန်မှာ သွင်းဂိုး 19 ဂိုးထိ ရယူထားပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ ယူရို 2020 ခြေစစ်ပွဲကို အကောင်းဆုံး ပုံစံနဲ့ တာထွက်ရာမှာ အကူအညီပေးခဲ့တာပဲဖြစ်တယ်။

ချက်နဲ့ပွဲမှာတော့ သူဟာ ကိုယ်တိုင် သုံးဂိုး သွင်းယူခဲ့ယုံတင်မကပဲ အသင်းဖော် ဟယ်ရီကိန်းရဲ့ ပင်နယ်တီ သွင်းဂိုးဟာလည်း သူရဲ့ ပြစ်ဒဏ်အောင်နိုင်မှုကနေ ရခဲ့တာဖြစ်ပါတယ်။

ကိန်းကတော့ ” သူက အံ့မခန်းပါပဲ။ သူက ကစားသမားကောင်းဖြစ်ပြီး အရမ်းလည်း ဖော်ရွေပါတယ်။ ပိုကောင်းလာဖို့ ကြိုးစားအားထုတ်လိုစိတ်လည်း ရှိတယ်။ ဒီနေ့ပွဲမှာ သူက ယုံကြည်မှုရှိရှိ ကစားခဲ့တာကို မြင်နိုင်တဲ့ ကောင်းမွန်တဲ့ သွင်းဂိုးတွေကို 6 ကိုက်စည်းထဲ ရယူသွားခဲ့တယ်။ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ကုန်ခဲ့တဲ့ နှစ်နှစ်-သုံးနှစ်အတွင်း သူက အများကြီး သင်ယူနိုင်ခဲ့ပါတယ်။

သူထံကနေ ဒီလိုတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ မြင်ရတာက အရမ်းကောင်းပါတယ်။ မွန်တီနီဂရိုးပွဲမှာလည်း သူဒီလို စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုပါတယ်။

ဝင်ဘာလေမှာ ကောင်းမွန်တဲ့ နိုင်ပွဲနဲ့အတူ ယူရို 2020 ခြေစစ်ပွဲကို ပုံစံကောင်းနဲ့ စတင်နိုင်ခဲ့တဲ့နောက် အင်္ဂလန်အသင်းရဲ့ ယုံကြည်မှုနဲ့ အငွေ့အသက်တွေဟာ အလုံးစုံ ခြားနားနေတယ်လို့ ကိန်းက ယုံကြည်တယ်။ ဆက်ပြီးလည်း အသင်းလူစာရင်းမှာ ပါဝင်လာခဲ့တဲ့ လူငယ်တွေရဲ့ တိုးတက်မှု ပါဝင်ကူညီနိုင်စွမ်းတွေကို အသင်းခေါင်းဆောင်တစ်ဦးရဲ့ အမြင်ဖြစ် ကိန်းက ထုတ်ပြောပါသေးတယ်။

ကိန်းကပဲ ဆက်လက်ပြီး ” အသင်းအနေနဲ့ အောင်မြင်ဖို့ဆိုရင် တိုက်စစ်သမားတွေ လိုအပ်ပါတယ်။ တိုက်စစ်သမား သုံးဦးလုံး ဂိုးသွင်းဖို့၊ ဂိုးထောက်ပံ့မှုတွေ ပြုလုပ်ဖို့နဲ့ ကွင်းလယ်လူတွေ သွင်းဂိုးသွင်းယူနိုင်ဖို့လည်း လိုအပ်တယ်။ အဲ့သည်အတွက် ကျနော်တို့ လုပ်ဆောင်ရမှာဖြစ်တယ်။

အဲ့တာတွေအတွက် လုံလောက်တဲ့ ကစားသမားတွေကို ကျနော်တို့ ပိုင်ဆိုင်ထားတယ်။ အသင်းသားတွေကလည်း ကိုယ်ဘာသာ အကောင်းဆုံး ဖြစ်လိုကြတယ် ” လို့ ဆိုပါတယ်။

ဆန်ချို၊ အိုဒွိုင်းနဲ့အတူ ရိုက်လို ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ကိန်းက ကျေနပ်နေပြီး လေ့ကျင့်ရေးမှာ အကောင်းဆုံး ကစားနိုင်စွမ်းရှိပြီး သူတို့ရဲ့ အသင်းအပေါ် ပါဝင်နိုင်စွမ်းတွေက အားရကျေနပ်ဖို့ကောင်းကြောင်း ထောက်ခံခဲ့တယ်။

” ဒီလိုကစားသမားတွေ အသင်းကို ရောက်လာခဲ့ပြီး နိုင်ငံအတွက် ကစားပေးနိုင်ကြတာက သိပ်ကောင်းပါတယ် ” လို့ ကိန်းက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Sports Home Time