ဒီလစ်နဲ့ ပက်သက်ပြီး ဗန်ဒိုက် အသိအမှတ်ပြုခြင်း နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိနေသလား

မကြားသေးခင် သီတင်းပတ်နှစ်ခုလောက်က နယ်သာလန် လူငယ်ခံစစ်သမား ဒီလစ်ဟာ အန်ဖီးအသင်းထံ ပြောင်းဖို့ အလားအလာတွေအကြောင်း ဖွင့်ပြောမှုတွေ ရှိထားခဲ့တယ်။ လက်ရွေးစင်အသင်းကို ရောက်နေတဲ့ ဗန်ဒိုက်က အသင်းဖော်ဖြစ်သူဟာ ထိပ်တန်းခံစစ်ဖြစ်ဖို့ အလားအလာရှိသူဆိုတာကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

အသက် 19 နှစ်အရွယ် အေဂျက်ခံစစ်မှူးဟာ လက်ရွေးစင်မှာတော့ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ရဲ့ တွဲဘက်ဖြစ်ပါတယ်။ လက်ရွေးစင်မှာ သူတို့နှစ်ဦးရဲ့ အတွဲညီမှုကြောင့် လီဗာပူးပရိသတ်တွေက ဒီလစ်ကို လီဗာပူးထံ ကူးပြောင်းလာဖို့ အလိုရှိနေကြတာပါ။ ဥရောပရဲ့ အကောင်းဆုံး ခံစစ်အတွဲကို အန်ဖီးကလပ်မှာ ပိုင်ဆိုင်မယ်ဆိုရင် ဆုဖလား အောင်မြင်မှုတွေအတွက် အလေးသာမှုရှိမယ်လို့ ယုံကြည်နေကြတာဖြစ်တယ်။

ဥရောပ ဘောလုံးရပ်ဝန်းမှာတော့ ဒီလစ်ဟာ ဆွဲဆောင်မှုကောင်းတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး များစွာသော ထိပ်တန်းကလပ်တွေရဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှု စက်ကွင်းထဲမှာ ပါဝင်နေသူပါ။ လာလီဂါကလပ် ဘာစီလိုနာက အဓိက ချိတ်ဆက်နေမှု ပရီးမီးယားလိဂ် ကလပ်အများအပြားနဲ့လည်း သတင်းတွေ ကင်းလွတ်ထားခြင်း မရှိပါဘူး။

ဒါပေမယ့်လို့ အေဂျက်ရဲ့ ဆယ်ကျော်သက် ကြယ်ပွင့်ကို ခေါ်ယူဖို့ လီဗာပူးအသင်း အလေးသာခြင်း အဓိက အကြောင်းရင်းက ကလပ်အသင်းမှာ ဗန်ဒိုက် ရှိနေခြင်းဖြစ်ပြီး ဝိုက်နယ်ဒမ်နဲ့ လီဗာပူးလက်ထောက်နည်းပြ လင်ဒါးတို့ ရှိနေခြင်းပဲဖြစ်တယ်။ အဓိက အားဖြင့်က လက်ရွေးစင်မှာ တွဲဘက်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ လီဗာပူးမှာ တွဲကစားတာက အခြားသော ကလပ်တွေထက် အထိုင်ကျ ပိုမြန်မယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။

ဒီလစ်ကတော့ လက်ရွေးစင် အသင်းခေါင်းဆောင်နဲ့ တွဲကစားဖို့နဲ့ ပက်သက်ပြီး “ ဗန်ဒိုက်က ထိပ်သီးလိဂ်တွေမှာ အတွေ့အကြုံရှိထားတဲ့ ကစားသမား ဖြစ်တယ်။ သူ့ဆီကနေ ကျနော်လည်း သင်ယူချင်တာပေါ့။ ဟော်လန် အသင်းမှာ သူနဲ့ အတူ တွဲကစားရတာ သိပ် အကျိုးရှိခဲ့တယ်။ ကလပ်အသင်းမှာလည်း သူနဲ့ တွဲကစားဖို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။ သူကစားနေတာက လီဗာပူးကလပ်။ ကလပ်အသင်းကောင်းပါ။ ကျနော်ကတော့ အေဂျက်မှာဖြစ်ပြီး ဒီအသင်းအတွက် အာရုံစိုက်ထားကာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်တာပေါ့ ” လို့ ဆိုထားခဲ့တယ်။

ဗန်ဒိုက်နဲ့ ဒီလစ် အတွဲဟာ နယ်သာလန်အသင်းက ဘီလာရုစ်ကို 4-0 နဲ့ ဂိုးပြတ် အနိုင်ရမှုမှာ တွဲဘက် ကစားခဲ့ကြပြီး အဆုံးသတ်ဂိုးကိုတော့ ဗန်ဒိုက်က သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်ဟာ ပိုကောင်းတဲ့ ပြိုင်ဘက်အဖြစ် ဂျာမနီနဲ့ ယှဉ်ပြိုင်ဖို့ရာ ပြင်ဆင်သွားရမှာဖြစ်တယ်။ အဲ့သည်ပွဲ မတိုင်ခင် ကမ္ဘာဈေးအကြီးဆုံး ခံစစ်မှူးက တွဲဘက် ဂျူနီယာနဲ့ ပက်သက်ပြီး မှတ်ချက်ပေးတာက စိတ်ဝင်စားစရာဖြစ်လာခဲ့တယ်။

ဒီလစ်နဲ့ ပက်သက်ပြီး ဗန်ဒိုက်က အလေးအနက် ချီးကျူးစကား ထုတ်ပြောရာမှာ “ သူက တကယ်ကို ထူးချွန်တဲ့ ခံစစ်မှူးဆိုတာ ရှင်းပါတယ်။ သူက အများကြီး တိုးတက်နိုင်သေးပြီး သူလည်း ဒါကို သိထားပါတယ်။ ဒါပေမယ့် သူ့အသက်အရွယ်မှာတင် ဒီလိုကစားနိုင်တာက တော်လွန်းလှပါတယ်။ သူနဲ့ တွဲဘက် ကစားရတာမျိုးကို ကျနော် တကယ်ပျော်ရွှင်ပါတယ် ” လို့ ဖြစ်ပါတယ်။

နယ်သာလန်အသင်းခေါင်းဆောင်ဟာ တွဲဘက်ခံစစ်မှူးကို ချီးကျူးမှုက မထူးဆန်းဘူးလို့ ဆိုနိုင်စရာ ရှိပေမယ့် လာမယ့် အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှုလုပ်မယ့် လီဗာပူးဟာ ဗန်ဒိုက်နဲ့ ဒီလစ်ကြား အတွဲညီမှုကို ထည့်စဉ်းစားဖို့ ဖြစ်လာမှာပါ။ ဒါ့အပြင် ဗန်ဒိုက်ရဲ့ ကူညီမှုနဲ့ နယ်သာလန်သားလေး အန်ဖီးကို ရောက်ခဲ့မယ်ဆိုရင်တော့ လီဗာပူးရဲ့ ခံစစ်ဟာ အသိအမှတ်ပြုရအောင် ကျစ်လစ်မှု ရှိလာမှာပဲဖြစ်ပါတယ်။

Sports Home Time