ဆောင်းပါး | ဆာရီ နာပိုလီမှာ ပိုင်ဆိုင်ခဲ့ပြီး ချယ်ဆီးမှာ မရနိုင်တာ ဘာတွေများ ရှိနေလဲ

ဆာရီဟာ နာပိုလီအသင်းမှာ ရှိခဲ့စဉ်က ဆွဲဆောင်မှုရှိပြီး တကယ့်ကို ပြင်းထန်လွန်းတဲ့ ကစားပုံတွေကို ဖန်တီးပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပါ။ သူ့ရဲ့ နည်းစနစ်သစ်တွေကြောင့်ပဲ နာပိုလီအသင်းဟာ သန်မာတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အဆိုပါ နည်းစနစ်သစ်တွေ ပရီးမီးယားလိဂ်ကို သယ်ဆောင်လာပေးဖို့အတွက် ချယ်ဆီးအသင်းက သူ့ကို ယခုနှစ် ဘောလုံးရာသီအစမှာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ဆာရီကလည်း ရာသီအစပိုင်းမှာတော့ ချယ်ဆီးအတွက် ရလာဒ်ကောင်းတွေ သယ်ဆောင်လာပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ သူဟာ ရလာဒ်ဆိုးတွေကြားမှာ ရုန်းကန်နေရပြီ ဖြစ်ပါတယ်။ ယခုအချိန်မှာ ချယ်ဆီးအသင်းရဲ့ ပုံစံဟာ ဂိုးတွေ သွင်းယူဖို့အတွက် တကယ့်ကို ခက်ခဲတဲ့ အသွင်ဆောင်နေပြီး သွင်းဂိုးတွေ ခွင့်ပြုဖို့အတွက်ကတော့ လွယ်ကူလွန်းနေတာပါ။

အသင်းသားတွေနဲ့ အသင်းပရိတ်သတ်တွေဟာလည်း စွမ်းဆောင်ရည် ညံ့ဖျင်းလာမှုတွေကြောင့် နည်းပြအပေါ် ယုံကြည်မှုတွေ ကင်းမဲ့လာနေကြပြီ ဖြစ်ပါတယ်။ ဆာရီဟာ သူ့ရဲ့အသင်းသားတွေကို သူ့ပုံစံ သူ့ကစားဟန်ကိုပဲ လိုက်မှီဖို့ ကြိုးစားစေလိုနေပြီး တခြားနည်းလမ်းတွေကို အသုံးပြုသွားဖို့တော့ ရှိဟန်မတူပါဘူး။ သူဟာ အသင်းရဲ့ ကစားကွက်ကို (၄-၃-၃) ပုံစံအတိုင်းပဲ ဆက်လက် တည်ဆောက်နေဆဲဖြစ်ပြီး သူ့ကစားကွက်ရဲ့ အဓိက ကစားသမားအဖြစ် နာပိုလီကနေ သူခေါ်ယူထားတဲ့ ဂျော်ဂျင်ဟိုရဲ့ လက်ထဲကို အပ်နှံထားနေဆဲပါ။

နည်းပြတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အသင်းကို အသက်သွင်းရာမှာ အားသာချက်တွေနဲ့ အားနည်းချက်တွေ ရှိကြတာ ဖြစ်ပေမယ့် ဆာရီရဲ့ အဓိက ပြဿနာကတော့ တစ်ယူသန်ဆန်ပြီး ခေါင်းမာလွန်းနေတာပါ။ ဒီလိုမျိုး
ပုံစံကောင်းတွေ ပျောက်ဆုံးနေမှုမှာ သူ့ရဲ့ လက်ရှိ ချယ်ဆီးအသင်းဟာ သူ့အသင်းဟောင်း နာပိုလီ ပိုင်ဆိုင်ခဲ့တဲ့ ဘယ်လိုအရာမျိုးတွေ ကင်းမဲ့နေတာပါလဲ?

ပျောက်ဆုံးနေသော ဟမ်ဆစ် (သို့) တတိယမြောက် မှော်ဆန်သော ကွင်းလယ်လူ

ဆာရီရဲ့ ကစားကွက်အတွက် ကွင်းလယ်ကစားသမား သုံးယောက်ဟာ ဘယ်လိုမျိုး အရေးပါတယ်ဆိုတာ အားလုံးက သိကြပြီးပါပြီ။ ဆာရီဟာ လက်ရှိ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား သုံးယောက်နေရာအတွက် နာပိုလီကို သူတည်ဆောက်ခဲ့တဲ့ ပုံစံအတိုင်း ဂျော်ဂျင်ဟိုကို ထည့်သွင်းတည်ဆောက်ထားပြီးပါပြီ။ Box to Box နေရာအတွက် နာပိုလီမှာ သူအသုံးပြုခဲ့တဲ့ Allan ရဲ့ နေရာအတွက်လည်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ် အားလုံးက သတ်မှတ်ကြတဲ့ ကန်တီကို အသုံးပြုနေတာပါ။

ဆာရီရဲ့ ပြဿနာက တစ်ဦးတည်း ကျန်တော့တဲ့ တတိယမြောက် ကွင်းလယ်လူ ဖြစ်နေမှာလား? ချယ်ဆီးနဲ့ နာပိုလီကြား တစ်ခုတည်းသော ကွာခြားမှုကလည်း မှော်ဝင်ခြေစွမ်းနဲ့ တတိယမြောက် ကွင်းလယ်လူတစ်ဦးပဲ ရှိပါတော့တယ်။ နာပိုလီမှာတော့ သူ့ရဲ့ တတိယမြောက် ကွင်းလယ်လူအဖြစ် ဟမ်ဆစ်ဟာ တကယ့်ကို ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိ ချယ်ဆီးမှာတော့ ကိုဗာဆစ်နဲ့ ဘာကလေတို့ကို ပုံသေအသုံးပြုနေတာ တကယ့်ကို ဟာသတစ်ခု ဖြစ်နေတာပါ။

သွင်းဂိုးအတွက် အမျိုးစုံသော ခြိမ်းခြောက်မှု

တကယ်လို့ အသင်းအတွက် ဂိုးသွင်းယူဖို့ တာဝန်ဆိုတာ ကွင်းလယ်ကစားသမား သုံးယောက်နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ငြင်းချက်ထုတ်ကြမယ်ဆိုရင်လည်း ဆာရီရဲ့ ရှေ့တန်းသုံးယောက်ရဲ့ ခြေစွမ်းတွေကို ပြန်လည်မေးခွန်းထုတ်စရာ ရှိလာပါပြီ။ မိုရာတာဟာ ချယ်ဆီးအသင်းမှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့ပြီး ဂီရောဒ့်ဟာလည်း အရန်တိုက်စစ်မှူးတစ်ယောက်ထပ် ဘာမှကို ပိုပြီး မျှော်လင့်လို့ မရတော့ပါဘူး။ ဇန်န၀ါရီလက အငှားနဲ့ ရောက်ရှိလာတဲ့ ဟီဂူအင်ဟာလည်း အသင်းကို ရောက်ရှိနေတယ် ဆိုရုံသာ ရှိနေတာပါ။

အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက်ဟာလည်း အားလုံးက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားလို့ ညွှန်းဆိုမှုတွေ ရှိနေပြီး လက်ရှိ ချယ်ဆီးအသင်းရဲ့ ပြဿနာအားလုံးအတွက် ဖြေရှင်းပေးနိုင်မယ့်သူလို့ မျှော်လင့်ခံထားရမှုတွေ ရှိနေခဲ့ပေမယ့် သူဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်သလို တစ်ရာသီကိုလည်း (၁၆) ဂိုးထပ်တော့ ပိုသွင်းနိုင်ခဲ့တာမျိုး မရှိသေးပါဘူး။ သူဟာ ခရစ်စတီယာနိုနဲ့ ဂါးရက်ဘေလ်းတို့ အင်္ဂလန်မြေမှာ ပြသသွားတဲ့ တိုက်စစ်ကို အလုံးစံ အဖြေရှာပေးမယ့် သွင်းဂိုး ခြေစွမ်းမျိုး ပိုင်ဆိုင်နေတဲ့ ကစားသမားမျိုး မဟုတ်တာတော့ သေချာပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာလည်း ချယ်ဆီးအသင်းအတွက် တစ်ရာသီမှာ သွင်းဂိုး (၂၀) ခန့် ရယူသွားပေးနိုင်ခဲ့တာ ကော်စတာ တစ်ဦးတည်းသာ ရှိခဲ့တာဖြစ်ပြီး သူက လက်ရှိအသင်းရဲ့ ကစားသမားလည်း မဟုတ်တော့ပါဘူး။ ချယ်ဆီးဟာ သွင်းဂိုးအတွက် တာဝန်ယူပေးမယ့် ကစားသမား နည်းပါးခြင်းကို ပြင်ပကစားသမားတွေနဲ့ ဖြေရှင်းရအောင် လာမယ့်ရာသီတွေမှာ ကစားသမား ခေါ်ယူလို့ရမှာ မဟုတ်ပါဘူး။

အားပျော့နေတဲ့ အစွန်လူတွေနဲ့ ဟန်ချက်မညီတဲ့ ခံစစ်

အလွန်ဆို နဲ့ ကွီတာတို့ဟာ ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလားတွေ ပိုင်ဆိုင်ဖူးတဲ့ ကစားသမားတွေဖြစ်ပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပိုင်ဆိုင်ထားဆဲ ဖြစ်ပေမယ့် ဆာရီရဲ့ နည်းစနစ်သစ်ဟာ ချယ်ဆီးအသင်း ယခင်ကစားခဲ့တဲ့ ပုံစံတွေနဲ့ လုံးဝကွဲပြားနေတဲ့အတွက် အဆိုပါ ခံစစ်သမားတွေဟာ အသင်းရဲ့ နည်းစနစ်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်မလာနိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။

နာပိုလီအသင်းမှာ ကိုလီဘာလီလို တကယ့် ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ဆာရီဟာ ချယ်ဆီးအသင်းမှာလည်း ရူဒီဂါ နဲ့ လူးဝစ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ချယ်ဆီးအသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ Chean Sheets (၁၂) ပွဲသာ ရယူထားနိုင်သေးတာ တကယ့်ကို မေးခွန်းထုတ်စရာ အခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်။

လက်ရှိမှာတော့ ချယ်ဆီးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မယ့် အနေအထား တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ဆာရီအနေနဲ့ သူ့ရဲ့ ခေါင်းမာနေမှုတွေကို မစွန့်လွှတ်နိုင်ပါက ချယ်ဆီးနည်းပြဘ၀ကို စွန့်လွှတ်ရဖို့ တကယ့်ကို နီးစပ်လာနေပြီလည်း ဖြစ်ပါတယ်။

Sports Home Time