နိုင်ငံခြားသား ကစားသမား အရေအတွက် လျှော့မယ့် အက်ဖ်အေကို ပရီးမီးယားလိဂ် ကလပ်များ ဆန့်ကျင်နေကြ

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေကတော့ အက်ဖ်အေက စီစဉ်နေတဲ့ နိုင်ငံခြားသား ကစားသမားအရေအတွက် လျှော့ချမယ့် အစီအစဉ်ကို လက်မခံဘဲ ငြင်းဆန်နေကြပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဘက်က အစီအစဉ်ကတော့ လက်ရှိ ကလပ်အသင်း ပထမလူစာရင်းထဲ နိုင်ငံခြားသား ကစားသမား ၁၇ ယောက် ခွင့်ပြုထားရာမှ ၁၃ ယောက်ထိ လျှော့ချလိုနေပြီး အပြန်အလှန်အနေဖြင့် EU နိုင်ငံများမှ ကစားသမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ တင်းကြပ်မှု လျှော့ပေးသွားမယ်လို့ ကမ်းလှမ်းထားတာပါ။

အဆိုပါ ပြောင်းလဲမှုဟာ အင်္ဂလန်ဘောလုံးအသင်းကို သက်ရောက်မှုများစွာ ရှိမယ်လို့ အက်ဖ်အေက မျှော်လင့်နေပါတယ်။ ဒါ့အပြင် လူငယ်ကစားသမားတွေကိုလည်း ကစားခွင့် ပိုမိုရရှိစေမယ်လို့ တွက်ဆထားတာပါ။

အက်ဖ်အေဘက်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ကျနော်တို့ အင်္ဂလန်ဖွားမဟုတ်တဲ့ ကစားသမားတွေ အရေအတွက် ကန့်သတ်မှုပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အသက်အရွယ်အလိုက် အဆင့်တိုင်းမှာ ကစားသမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို ပံ့ပိုးနိုင်ဖို့ စီစဉ်ထားတာပါ။ အက်ဖ်အေရဲ့ အစီအစဉ်တွေကို ပရီးမီးယားလိဂ် ကလပ်တွေရဲက အကယ်ဒမီတွေ၊ အက်ဖ်အေ နည်းပြသင်တန်းတက်တဲ့ စီနီယာ ကစားသမားတွေဆီကို ဒီစနစ်အကြောင်း ရှင်းလင်းထားပြီးပါပြီ။ အင်္ဂလန် သက်တမ်းလိုက် လူငယ်အသင်းတွေ ဖြစ်တဲ့ U17, U20 ကစားသမားတွေရဲ့ အောင်မြင်မှု၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း တိုးတက်လာမှုတွေ ကြည့်ရင် အက်ဖ်အေရဲ့ အစီအစဉ်ကို သဘောာပေါက်နိုင်မယ် မျှော်လင့်ပါတယ်။”

လက်ရှိ ခွင့်ပြုထားတဲ့ နိုင်ငံခြားသား ကစားသမား အရေအတွက်က တစ်သင်းကို ၁၇ ယောက်ဖြစ်ပြီး အများဆုံး ၁၇ ယောက်လုံး ရှိနေကြတဲ့ အသင်းတွေက လက်ရှိချန်ပီယံ မန်စီးတီးအပြင် တော့တင်ဟမ်စပါး၊ ဘရိုက်တန်၊ ဟက်ဒါဖီးနဲ့ ၀က်ဖို့ဒ်အသင်းတို့ ဖြစ်ကြပါတယ်။ အက်ဖ်အေက ၁၇ယောက်ကနေ ၁၃ ယောက်ထိ လျှော့ချဖို့ ကြံရွယ်နေတာပါ။ ဒါဆိုရင် ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများ ထိခိုက်ဖို့ ရှိပါတယ်။

အင်္ဂလန်ပြင်ပက ဖြစ်ပေမယ့် ကလပ်အသင်းတွေရဲ့ အကယ်ဒမီက ထွက်ရင် ပြည်တွင်းကစာသမား အဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့် ပြည်ပက ထူးချွန်တဲ့ လူငယ်ဘာလုံးသမားတွေ ခေါ်ယူပြီး ကမ္ဘာ့အဆင့်မှီထိ မွေးယူထားဖို့ တစ်နည်းတော့ ရှိပါတယ်။ လက်ရှိ အငြင်းပွားနေတဲ့ ကိစ္စမှာတော့ နိုင်ငံခြားသား ကစားသမား အရေအတွက်ကို အက်ဖ်အေဘက်က လျှော့ချဖို့ ဖိအားပေးနေတဲ့ ၁၃ ယောက်နဲ့ လက်ရှိ ခွင့်ပြု အရေတွက် ၁၇ ယောက်ကြား သဘောတူညီမှုအဖြစ် ၁၅ ယောက်သာ ဖြစ်သွားနိုင်ခြေ ရှိတယ်လို့ The Times သတင်းစာကတော့ သုံးသပ်ထားပါတယ်။

Sports Home Time