အာဆင်နယ် နောက်ခံလူ ဝီလျံ ဆာလီဘာက အခုချိန်မှာ အားလုံး သတိပြုမိလောက်အောင် ခြေစွမ်းပြနေပေမယ့် ဒိထက် အကောင်းဆုံး အနေအထားကို ရောက်နိုင်သေးကြောင်း ပြင်သစ် ကစားသမားဟောင်းကြီး Marcel Desailly က သုံးသပ် ပြောဆိုလာပါတယ်။
သူ့ခေတ် သူ့အခါက အကောင်းဆုံး ဗဟိုခံစစ်သမားလို့ နာမည်ကြီးခဲ့ဖူးတဲ့ ချယ်ဆီးနဲ့ အေစီမီလန် ကစားသမားဟောင်းကြီး Desailly က ဆာလီဘာရဲ့ လက်ရှိ အနေထားနဲ့ ဆိုရင် ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး ဖြစ်လာဖို့ ကျော်ဖြတ်ရမယ့် ကစားသမား ၂ ဦး ရှိနေသေးတယ် လို့ ဆိုပါတယ်။
ဆာလီဘာက အာဆင်နယ် ၁-၀ မန်စီးတီးပွဲမှာ ဟာလန်းကို အကောင်းဆုံး ထိန်းချုပ်ပြခဲ့တယ် ဆိုတဲ့ ချီးကျူးမှုတွေ ရှိလာခဲ့တာပါ။ ဒါပေမယ့်လို့ လေလိုင်းပေါ်က ချီးကျူးမှုတွေကို သာယာမနေဖို့နဲ့ ဟာလန်းကို တစ်ဦးတည်း အရည်အချင်းဖြင့် ဟန့်တားခဲ့တာ မဟုတ်ဘူးလို့ ပြင်သစ်ဂန္တဝင်ကြီးက သတိပေးပါတယ်။
” ဟာလန်းကို ဆာလီဘာ တစ်ဦးတည်း ထိန်းချုပ်ခဲ့တာ မဟုတ်ဘူး။ အခြား ကစားသမားတွေရဲ့ အကူအညီလည်း ပါခဲ့တယ်။ အာဆင်နယ်က စီးတီးကို ဖိအားပေးခဲ့ပြီး ဟာလန်းထံ ဘောလုံး မရောက်ဖို့ ကြိုးစားနိုင်ခဲ့တာပါ။
ဆာလီဘာရဲ့ အကောင်းဆုံး အနေအထားက ရောက်မလာသေးပါဘူး။ လောလောဆယ်မှာ ဗန်ဒိုက် ခြေ နည်းနည်းကျလာပေမယ့် သူနဲ့ အူပါမီကာနိုက အကောင်းဆုံး ခံစစ်မှူးတွေပါ။
ဆာလီဘာကို အချိန်ပေးရမယ်။ အမြင့်ဆုံး အဆင့်တွေအတွက် သူ့ကို လေ့ကျင့်ခွင့် ပေးရမယ်။ သူက အများကြီး အလားအလာရှိပါတယ်။ ပြင်သစ်အသင်းမှာ အသင်းဖော်တွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ပြီး တစ်ဦးချင်း လုပ်နိုင်စွမ်းတွေကို ပြသလာရမှာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆာလီဘာဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး တစ်ဦးဖြစ်လာဖို့ အလားအလာရှိသူဖြစ်တယ်။ ငယ်ရွယ်သေးတဲ့ သူ့အနေနဲ့ ကြံ့ခိုင်မှုကို အာရုံစိုက်ပြီး ပွဲတွေကနေ ဆက်လက် သင်ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
