အာတီတာရဲ့ လူစားလဲမှုတွေ၊ ပေါ့ဆမှုတွေကြောင့် မြောက်လန်ဒန် ဒါဘီပွဲမှာ နိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်

တနင်္ဂနွေနေ့ည အမ်းမရိတ်မှာ ကစားသွားတဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ် စပါးအသင်းတို့ရဲ့ မြောက်လန်ဒန် ဒါဘီက အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ၂-၂ ရလဒ်နဲ့ သရေ ကျသွားခဲ့ပါတယ်။

ဒီပွဲမှာ နှစ်သင်းလုံးက အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပြီး တိုက်စစ် အသားပေး ကစားခဲ့ကြပါတယ်။ အာဆင်နယ်အသင်းက ဦးဆောင်ဂိုး ၂ ကြိမ် သွင်းယူခဲ့ပေမယ့် စပါးကလည်း ခြေပဂိုး ၂ ဂိုးကို ခပ်မြန်မြန် ပြန်ယူခဲ့ကာ ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။

ဒေးဗစ်ယာယာထံက ကောင်းမွန်တဲ့ ကာကွယ်မှု အချို့ကို မြင်ခဲ့ရပြီး ဒီပွဲဟာ အာဆင်နယ် စိတ်ကြိုက်ပွဲ မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် မာတင်နယ်လီ ဒဏ်ရာရနေချိန် ဗီအဲရာနဲ့ ရိုက်စ်တို့ကို ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတာက အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့ပါတယ်။

သွင်းဂိုးတွေအဖြစ် ဆာကာရဲ့ ကန်ချက် ရိုမဲရိုးနဲ့ထိပြီး လမ်းကြောင်းပြောင်း ဝင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ရိုမဲရိုး လက်ထိမှုက ရလာတဲ့ ပင်နယ်တီကို ဆာကာက အသာအယာ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်း အမှားတွေကို အခွင့်အရေးယူပြီး ဆွန်က ခြေပဂိုး ၂ ဂိုး ရယူခဲ့ပါတယ်။

အာဆင်နယ်က ပထမပိုင်းမှာ ကောင်းပေမယ့် ဒုတိယပိုင်းမှာ လူစားလဲမှုတွေကြောင့် စွမ်းဆောင်ရည် ကျဆင်းခဲ့ပါတယ်။ ရိုက်စ်နေရာ လူစားဝင်လာတဲ့ ဂျော်ဂျင်ဟိုဟာ ဆွန်ရဲ့ ဒုတိယဂိုးမှာ အဓိက တာဝန်ရှိခဲ့သူ ဖြစ်ပါတယ်။ အသင်းသားတွေ အာရုံစိုက်မှု ပေါ့လျော့ခြင်းကြောင့် အိမ်ကွင်းမှာ နိုင်ပွဲ မရခဲ့တာပါ။

ဒီပွဲရလဒ်ဟာ အာဆင်နယ်က မန်စီးတီးကို အဓိက စိန်ခေါ်မယ့် အသင်းဆိုတဲ့ မျှော်လင့်ချက်တွေကို လျော့ကျစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လန်ဒန်ဒါဘီပွဲအပြီး အာဆင်နယ်ဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၄ မှတ် ကွာနေခဲ့ပြီ ဖြစ်ပါတယ်။