ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲမှာတင် ယူနိုက်တက်ကို အမှတ်ပေး ချန်ပီယံ လမ်းကြောင်းကနေ ထွက်ခွာသွားစေတာမို့ မကြာခင်မှာ နည်းပြတန်ဟက် ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းကြီးလာနေပါတယ်။
နယ်သာလန်သား နည်းပြရဲ့ ပထမဆုံး ဘောလုံးရာသီမှာ အထင်ကြီးစရာတွေ မြင်ခဲ့ခြင်းနဲ့အတူ ဒုတိယမြောက် ဘောလုံးရာသီမှာ ပိုကောင်းတာတွေ မြင်ရမယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမယ့်လို့ ယူနိုက်တက်ဟာ အဖွင့် ၅ ပွဲမှာတင် ၃ ပွဲထိ အရေးနိမ့်ထားပြီ ဖြစ်ပါတယ်။
အိုနာနာနဲ့ မေဆန်မောင့်လို ကစားသမားသစ်တွေ မျှော်လင့်ထားသလို မလုပ်ပြနိုင်ချိန် ဆန်ချို၊ အန်တိုနီတို့ကလည်း ကွင်းပြင်ပ ပြဿနာတွေ ရှိနေတာပါ။ ယူနိုက်တက် အကယ်ဒမီထွက် ကွင်းလယ်လူဟောင်း ရော်ဘီ ဆားဗေ့ချ်ကတော့ တန်ဟက်ကို အချိန်တစ်ခု ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
‘ ယူနိုက်တက်ရဲ့ အဆိုးရွားဆုံး ပရီးမီးယားလိဂ် တာထွက်တောင် ဖြစ်လာနိုင်တယ်။ သူတို့ ကစားနေတာက သိပ်ပြီး ဆိုးရွားသလို ဟွိုင်လန်းလို ကစားသမားကို လူစားလဲလိုက်တာကလည်း အတော်လေး ထူးဆန်းတယ်။
နိုင်ပွဲတွေ မရဘူးဆိုတာနဲ့ ဘယ်သူမဆို ဖိအားတွေ ရှိလာမှာပဲ။ ယူနိုက်တက် နည်းပြတိုင်းဟာ နိုင်ပွဲတွေ ယူဖို့နဲ့ သေချာတဲ့ ကစားဟန် တစ်ခုကို ဖော်ဆောင်ပေးဖို့ လိုအပ်တယ်။ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နည်းပြတန်ဟက်က နိုင်ပွဲ သေချာပေါက် ပြန်ယူပေးနိုင်ရမယ်။
ဘိုင်ယန်မြူးနစ်ပွဲကို သူတို့ အနိုင်ရမယ် မထင်ဘူး။ ပထမဆုံး ၅ ပွဲမှာတင် ယူနိုက်တက်က အမှတ်ပေးဖလား လမ်းကြောင်းကနေ ထွက်ခဲ့ရပြီးပြီ။ တန်ဟက်ကို ခရစ္စမတ်ထိတော့ အချိန်ပေးရပါမယ်။ ကစားသမားသစ်တွေက သူ့ရဲ့ အတွေးအမြင်အောက်မှာ ပိုကောင်းလာဖို့ အချိန်လိုပါတယ်။
ဒါပေမယ့်လို့ ခရစ္စမတ်ကာလလောက်မှ ယူနိုက်တက်တို့ ပိုကောင်းမလာခဲ့ရင် အပြောင်းအလဲ ပြုလုပ်ချိန် တန်ပါပြီ ’ လို့ ရော်ဘီ ဆားဗေ့ချ်က မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။
