ပရီးမီးယားလိဂ် ဇယားထိပ် ရောက်သွားပေမယ့် လီဗာပူး ချန်ပီယံ မဖြစ်ဘူးလို့ သုံးသပ်လိုက်သူ

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်တဲ့ စနေနေ့ ညနေ အစောဆုံး ပွဲ ဖြစ်တဲ့ ဝုဗ်နဲ့ လီဗာပူးပွဲမှာတော့ ဧည့်သည် လီဗာပူး အသင်းက ပွဲပြီးခါနီးမှာ အနိုင်ဂိုးတွေ သွင်းယူပြီး ၃-၁ နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

ပွဲချိန် ပထမပိုင်းမှာ လီဗာပူးတို့ ရုန်းကန်နေခဲ့ရပြီး အိမ်ရှင် ဝုဗ်က အစောပိုင်း ၇ မိနစ်တည်းက ဦးဆောင်ဂိုး သွင်းယူထားခဲ့တာပါ။ ဒုတိယပိုင်းမှာမှ နည်းပြ ကလော့ပ်ရဲ့ လူစားလဲ မှန်ကန်မှု၊ ဗျူဟာပြောင်းလဲမှုတွေနဲ့ အတူ လီဗာပူးတို့ ပြန်လာနိုင်ခဲ့ပြီး ခြေပဂိုးအပြင် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ပွဲစဉ် ၅ ရဲ့ အစောဆုံးပွဲစဉ် အပြီး လီဗာပူးအသင်းဟာ ဇယားထိပ်ကို တက်သွားခဲ့ပါတယ်။ မနှစ်ကရာသီ ထိပ်ဆုံး ၄ သင်းစာရင်းမှာတောင် မပါခဲ့တဲ့ လီဗာပူးဟာ ဒီရာသီ ဆုဖလားတွေ စိန်ခေါ်ဖို့ ပြန်လာပြီးလား မေးခွန်းတွေ ထွက်လာပေမယ့် ရာနှုန်းပြည့် ယုံကြည်ခံရခြင်း မရှိသေးပါဘူး။

ပွဲအပြီး ဘီဘီစီ အစဉ်အစဉ်မှာ အင်္ဂလန် ကွင်းလယ်ဟောင်းကြီး ဂျာမိန်း ဂျီးနပ်စ်က အခုလို ချီးကျူး မှတ်ချက်စကား ဆိုခဲ့ပါတယ်။

” ဒီပွဲနိုင်လို့ လီဗာပူးအသင်း ဇယားထိပ်တက်သွားမှာပါ။ ယာဂင်ကလော့ပ်ရဲ့ လူစားလဲမှု အားလုံးက မှန်ကန် ကောင်းမွန်ခဲ့ပြီး ဒုတိယပိုင်းမှာ လီဗာပူးအသင်း စွမ်းဆောင်ရည် အတော် ကောင်းခဲ့ပါတယ်။

လီဗာပူးက ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံတော့ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ အဲဒီအတွက် ပြိုင်ဆိုင်နိုင်တဲ့ အသင်း ဖြစ်လိမ့်မယ်။ သူတို့မှာ သိပ်ကောင်းတဲ့ တိုက်စစ် ကစားသမားတွေ ရှိတယ်။ ” လို့ ဂျီးနပ်စ်က လီဗာပူး တိုက်စစ်အား ချီးကျူးသွားခဲ့ပါတယ်။