မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုဟာ ပွဲထွက်ခွင့်မှာ နေရာမရတဲ့နောက် နည်းပြတန်ဟက်နဲ့ မကျေမလည်မှုတွေ ရှိနေကြောင်း သတင်းတွေက လူမြင်ကွင်းထိ ရောက်လာခဲ့ပါပြီ။
အင်္ဂလန်လက်ရွေးစင်ဟာ ဒေါ့မွန်ကနေ ယူနိုက်တက်ထံ ပေါင် ၇၃ သန်းဖြင့် ပြောင်းလာခဲ့ကတည်းက သူ့ရဲ့ အလားအလာကို ပြသနိုင်ခြင်း မရှိပါဘူး။ တိုက်စစ်သမားကတော့ ယူနိုက်တက်က သူ့ရဲ့ အခြေအနေကို စိတ်ပျက်နေဟန် ရှိပါတယ်။
ဆန်ချိုနဲ့ ဖိုဒန်တို့ဟာ မန်စီးတီး အကယ်ဒမီကနေ ပေါ်ထွက်လာကြတာပါ။ ၂၀၁၉ တုန်းကတော့ ဖိုဒန်လို စီနီယာအသင်းမှာ နေရာရဖို့ တိုက်ပွဲမဝင်ဘဲ မန်စီးတီးကို ဆန်ချို စွန့်ခွာသွားတာ ဘာကြောင့် ဖြစ်နိုင်သလဲလို့ မေးခံရချိန်မှာ ဂွာဒီယိုလာက အင်္ဂလန်တိုက်စစ်သမားဟာ စိန်ခေါ်မှုကို မလုပ်ရဲဘူးလို့ ပြောဆိုဖူးပါတယ်။
” ကျနော် မသိပါဘူး။ ပထမအသင်းထံ ရောက်လာအောင် ကြိုးစားဖို့ဆိုတဲ့ စိန်ခေါ်မှုကို သူ မလုပ်ချင်ဘူး ထင်ပါရဲ့။ သူကြိုးစားမယ်ဆိုရင် ပထမအသင်းမှာ နေရာရနိုင်ပါတယ်။
သူက ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒေါ့မွန်ကို သွားတာ သူ့အတွက် ပြီးပြည့်စုံပါတယ်။ အလုပ်ဖြစ်နေပါတယ်၊ သူလုပ်နေတာတွေအတွက် ဂုဏ်ပြုပေးမှာပါ။ သူအဲ့မှာ သိပ်ကောင်းနေတာပဲ။
စီးတီးမှာဆိုရင် ဆန်ချို ဘာဖြစ်လာမလဲ? ကျနော် မသိဘူးလေ။ ကစားသမားတွေ အပေါ်မှာပဲ မူတည်တယ်၊ ကွင်းထဲမှာ သူတို့ ဘာလုပ်ပြနိုင်မလဲ အပေါ် မူတည်တာပါ ” လို့ ဂွာဒီယိုလာက မှတ်ချက်ပေးစကား ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။
