အာဆင်နယ်ကို အရေးနိမ့်ခဲ့တာဟာ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၃ ခုကြောင့်လို့ ယူနိုက်တက် နည်းပြတန်ဟက်က ထုတ်ပြောခဲ့ပါတယ်။
ဒီပွဲရဲ့ အလှည့်အပြောင်းက ဂနာချိုရဲ့ သွင်းဂိုး လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခြင်းကြောင့်ဖြစ်ကာ အချိန်ပို ၈ မိနစ်ကျော်အတွင်း အာဆင်နယ်က ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီး စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ နည်းပြတန်ဟက်က ဟွိုင်လန်းကို ခံစစ်မှူး ဂါဘရီရယ် ကျူးလွန်ခဲ့တဲ့ ဖောင်းဟာ ယူနိုက်တက်တို့ ပင်နယ်တီ ရဖို့ ထိုက်တန်တယ်လို့ပါ ဖော်ထုတ်ခဲ့ပါတယ်။

‘ ကျနော်တို့ ကစားတာ ကောင်းခဲ့ပေမယ့် အရာအားလုံးက ကျနော်တို့နဲ့ ဆန့်ကျင်ဘက်မှာ ရှိခဲ့တယ်။ ကံနည်းနည်းလေး ကောင်းခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ရမှာပါ။
ဂနာချိုရဲ့ ဂိုးက လူမကျွံပါဘူး၊ ကင်မရာယူတဲ့ ရှုထောင့်က မှားနေတာပါ။ ဟွိုင်လန်းအပေါ် ဖောင်းတာက ပင်နယ်တီဖြစ်ရမှာပါ။ နောက်ပြီး ကျနော်တို့ ပေးလိုက်ရတဲ့ ဂိုးက အီဗန်ကို ဖောင်းလုပ်ပြီးမှ ယူသွားတာပါ။ ဒါတွေက သိသာတဲ့ဖြစ်ရပ်တွေ ဖြစ်ပါတယ် ’ လို့ တန်ဟက်က ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ဆက်တိုက်ဆိုသလို ထိပ်တိုက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
