မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်လက်ထက် နှေးကွေးတဲ့ စတင်မှုကနေ ရုန်းထနိုင်ခြင်း မရှိသေးဘဲ မနေ့က ဘန်လေအသင်းနဲ့ ကွင်းပိတ် ခြေစမ်းရာမှာ ၃-၀ ရလဒ်ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဒီနွေမှာ အင်အားဖြည့်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လို့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်မလာသေးပါဘူး။ ဝုဗ်ကို ကပ်သီးလေး အနိုင်ရခဲ့ကာ စပါးအသင်းကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲတွေအတွင်း တိုက်စစ်ကို ရက်ဖိုဒ့်က ဦးဆောင်နေခဲ့ပြီး ကွင်းလယ်မှာတော့ ကာဆီမီရိုရှေ့မှာ မောင့်နဲ့ ဘရူနိုတို့ရှိနေခဲ့တာဖြစ်ပါတယ်။ လူစာရင်း နှစ်နေရာအတွက် နည်းပြတန်ဟက်ရဲ့ ဆုံးဖြတ်ချက်က ဝေဖန်ခံရမှုတွေ ရှိနေခဲ့ပါတယ်။
ကစားသမားတွေ ပုံစံကောင်းမရှိသလို ကြံ့ခိုင်မှု နည်းပါးနေတာကြောင့် ဒီကြားရက် ကာရင်တန်မှာ ကွင်းပိတ် ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့တာပါ။ လူစာရင်းကတော့ လူငယ်အများစုဖြစ်ပြီး ဖောရက်စ်ပွဲမှာ ပွဲထွက်နိုင်တဲ့ စီနီယာအချို့လည်း ပါဝင်ခဲ့ပါတယ်။
တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ မာရှယ်၊ နောက် ပယ်လစထွီ၊ အီဗန်၊ ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့ ပွဲထွက်လူစာရင်းကနေ ပါဝင်ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ဘန်လေကလည်း တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။
မေဆန်မောင့် ဒဏ်ရာရနေခဲ့ကာ ဒီအပတ် ဖောရက်စ်ပွဲအပြင် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်တဲ့ အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲတွေမှာ နည်းပြတန်ဟက်ဟာ လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
