ဘရူနို၊ ကာဆီမီရိုနဲ့ မက်ဂွဲရားတို့ မဟုတ်တဲ့ ယူနိုက်တက် အဝတ်လဲခန်းထဲက စိတ်ဓါတ် အမာဆုံးသူကို ဟီတန် ထုတ်ပြော

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း တွမ်ဟီတန်က အသင်းဟောင်းမှာ စိတ်ဓါတ်ပိုင်း အကြံ့ခိုင်ဆုံး ကစားသမားအဖြစ် သူထင်မြင်မိသူကို ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂိုးသမားဟောင်းက အဝတ်လဲခန်းတွင်းမှာ သူမြင်ရတဲ့ အနေအထားကနေ ရွေးထုတ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အနိုင်ရဖူးတဲ့ ဗာရန်းဟာ စိတ်ဓါတ်ပိုင်း အမာကျောဆုံးလို့ ဆိုပါတယ်။

ယူနိုက်တက် အဝတ်လဲခန်းမှာ မက်ဂွဲရား၊ ဖာနန်ဒက်စ်နဲ့ ကာဆီမီရိုတို့ ရှိပေမယ့် ပြင်သစ်သား ခံစစ်မှူး စကားပြောဆိုချိန်တိုင်း တစ်သင်းလုံးက ဂရုတစိုက် နားထောင်ရလေ့ ရှိတယ်လို့ သိရတယ်။

ဟီတန်က ” ကြံ့ခိုင်တဲ့ စိတ်ဓါတ်ပိုင်းမရှိပါဘဲ မန်ချက်စတာ ယူနိုက်တက်အတွက် ကစားပေးလို့ မရနိုင်ပါဘူး။ အသင်းမှာ စိတ်ဓါတ်ပိုင်း မာကျောတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။

ဒါပေမယ့်လို့ ကျနော်ကတော့ ဗာရန်ကိုပဲ ရွေးချယ်မှာပါ။ အခြားကလပ်တွေမှာ သူလုပ်ပြခဲ့တာတွေအရကော ယူနိုက်တက် အဝတ်လဲခန်းကို တွန်းဝင်လာပြီး သူလုပ်ပြနိုင်မှုတွေကြောင့် ဒီလို ရွေးချယ်ရတာပါ။

သူက တကယ်ကို စိတ်ဓါတ်မာပါတယ်။ သူကစားရတဲ့ ပွဲဖြစ်စေ နေ့စဉ် လုပ်ငန်းတွေမှာဖြစ်စေပေါ့။ သူက အရမ်း စကားပြောလေ့ရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် သူစကားပြောပြီဆိုရင် လူတိုင်းက နားထောင်ရတော့တာပါပဲ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ခံစစ်မှူးဟာ ရာသီအဖွင့် ဝုဗ်နဲ့ပွဲမှာ ယူနိုက်တက် အနိုင်ရမယ့် သွင်းဂိုးကို သွင်းယူခဲ့သေးတာ ဖြစ်ပါတယ်။