အာဆင်နယ်အသင်းဟာ ခံစစ်မှူး တင်ဘာကို ဒူးဒဏ်ရာကြောင့် ၇ လဝန်းကျင် လက်လွတ်ရမှာမို့ ကစားသမားသစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပထမဆုံးပွဲဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တင်ဘာဟာ ဒီနွေမှာပဲ အေဂျက်ကနေ အာဆင်နယ်ထံ ပေါင် ၃၉ သန်းဖြင့် ပြောင်းလာခဲ့တာပါ။ သူဒဏ်ရာက ပြန်သက်သာလာရင်တောင်မှ ခပ်မြန်မြန် ပြန်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
ဒါကြောင့်ပဲ အာဆင်နယ်ဟာ အစွန်နေရာအတွက် ကစားသမားသစ် ရှာဖွေရာမှာ ယူနိုက်တက်တို့ ငြင်းဆန်ခံထားရတဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ပါဗက်ကို သဘောကျနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ မက်ဂွဲရားကို ဝက်စ်ဟမ်းထံ ရောင်းချနိုင်မှာ မဟုတ်တာကြောင့် ပါဗက်ကို ထပ်မံ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် မရှိပါဘူး။ ဒါကြောင့် အာဆင်နယ်ဘက်က ပါဗက်ကို ခေါ်ယူလိုတယ်ဆိုရင် အခက်အခဲ မရှိတာမျိုး ဖြစ်လာနိုင်ပါတယ်။
အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကပဲ အာဆင်နယ်ဟာ ပါဗက်ကို ခေါ်ယူဖို့ လမ်းဖွင့်ထားကြောင်း ဆိုလာခဲ့တယ်။ ပြင်သစ်သား ခံစစ်မှူးက ဘိုင်ယန်မြူးနစ်နဲ့ လက်ကျန် စာချုပ် ၁ နှစ်ပဲ ရှိတော့တာမို့ စိန်ခေါ်မှုသစ်တွေ ရလိုနေတယ်လို့လည်း သိရပါတယ်။
ပါဗက်ဟာ ညာအစွန်မှာ ကစားပေမယ့်လို့ ဗဟိုခံစစ်မှူး နေရာမှာလည်း ကစားနိုင်ပါတယ်။ သူဟာ အာတီတာ အလိုရှိမယ်ဆိုရင် တိုက်စစ်လိုက်ပါဖို့ကော ကွင်းလယ်ကို ဝင်ကူဖို့ပါ အဆင်ပြေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။
