အမေရိကန် ရာသီကြိုမှာ အာဆင်နယ်ကို ပထမပိုင်း သွင်းဂိုးတွေဖြင့် ၂-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ ယူနိုက်တက်ဟာ ပင်နယ်တီ ပြိုင်ဆိုင်မှုမှာပါ ၅-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ယူနိုက်တက်ဟာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့သလို နည်းပြတန်ဟက် လက်အောက် သူတို့ ကစားဟန်က မနှစ်ကထက် ပိုကောင်းလာမယ့် အရိပ်အယောင်တွေ မြင်ခဲ့ရပါတယ်။
” ဒီပွဲကို အတော်လေး အားရတယ်၊ ကျနော်တို့ရဲ့ ကစားဟန်ကို ကျေနပ်မိတယ်။ ဘောလုံး ပိုင်ဆိုင်မှု ဆုံးရှုံးချိန် ကျနော်တို့ရဲ့ တက်ကြွ လှုပ်ရှားမှုကိုကောပါပဲ။ ဒါက ကျနော်တို့ ကစားလိုတဲ့ ကစားဟန်ပါပဲ၊ ဒါကို စတင်လာတာ ၁ နှစ်ပဲ ရှိပါသေးတယ်။
လေ့ကျင့်ရေးမှာ ကြိုးစားခဲ့တာတွေကို ကွင်းထဲမှာ ပြန်ပြီး ပြသလာနိုင်တယ်။ ကျနော်တို့ နိုင်လည်း နိုင်ချင်ပါတယ်။ ကောင်လေးတွေက ပွဲကောင်းတစ်ပွဲ ကစားခဲ့ပါတယ် ” လို့ တန်ဟက်က ပြောပါတယ်။
ယူနိုက်တက်ဟာ ရာသီကြိုမှာ အသင်းကောင်းတွေနဲ့ ခြေစမ်းဖို့ကို ရွေးချယ်ခဲ့ပြီး အခုချိန်ထိ နိုင်ပွဲဆက်နေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်လို ပြင်ဆင်မှုအား ကောင်းမွန်တဲ့ အသင်းကို အနိုင်ရခဲ့ခြင်းအပေါ်လည်း ကျေနပ်နေတယ်။
တန်ဟက်ကပဲ ” ရာသီကြိုမှာ အသင်းကောင်းတွေနဲ့ ကစားရမှာပါ။ ဒီပြိုင်ဘက်တွေက ကျနော်တို့ တိုးတက်ရေး အကူအညီဖြစ်စေမှာပါ၊ သူတို့က အသင်းကောင်းတွေ ဖြစ်ပါတယ်။
အာဆင်နယ်ကလည်း ပြိုင်ဘက်ကောင်းပါ။ သူတို့ မနှစ်က ပရီးမီးယားလိဂ်မှာ သိပ်ကောင်းခဲ့ပါတယ်။ ဒီတော့ သူတို့ကို ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူခဲ့တာက ကောင်းပါတယ်။ ကျနော်တို့ ပိုကောင်းလာရမှာပါ။ ” လို့ ဆက်ပြောသွားတာ ဖြစ်ပါတယ်။
