မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုကို ပေါင် သန်း ၉၀ ဖြင့် ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီဆိုတဲ့ သတင်းတွေက မမှန်ပါဘူးလို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။
ဒီနွေမှာ စီးတီး အင်အားဖြည့်မယ့် နေရာတွေက ခံစစ်နဲ့ တိုက်စစ်ဖြစ်ပြီး လာလီဂါ ရောက်သွားနိုင်တဲ့ ခံစစ်မှူး လာပေါ့နဲ့ ဆော်ဒီလိဂ်ထံ ပြောင်းမယ့် မာရက်ဇ်နေရာ အစားထိုးလိုတာပါ။ ဒီရက်ပိုင်းမှာ လိုက်ဇစ် ခံစစ်မှူးက မန်စီးတီးနဲ့ ဆေးစစ်မှု အောင်မြင်ထားပြီလို့ပါ သတင်းထွက်လာခဲ့တာပါ။
ဒီသတင်းကို လိုက်ဇစ်ဘက်က ငြင်းဆန်ခဲ့သလို လီဗာပူးအသင်းကြောင့် ဂါဗာဒီအောအား မဖြစ်မနေ ရောင်းထုတ်စရာ မလိုဘဲ ငွေကြေးပိုင်းမှာ အခက်အခဲ မရှိဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။
“ ဂါဗာဒီအောနဲ့ပတ်သက်ပြီး နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေကို ကျနော်တို့ သိပ်အံ့ဩမိတယ်။ ဒါပေမယ့် သူက ကျနော်တို့ရဲ့ ရာသီကြို အစီအစဉ်မှာ ပါဝင်နေတာကို မြင်ကြမှာပါ။ သတင်းတွေက မမှန်ပါဘူး။
မန်စီးတီးက သူ့ကို သိပ်လိုချင်တာတော့ ဟုတ်ပါတယ်။ လက်တလောမှာ သဘောတူညီမှုရဖို့ အဝေးကြီးပါပဲ။ ဆိုဘိုစလိုင်ကို ရောင်းချခဲ့တာကြောင့် ကျနော်တို့မှာ ငွေကြေးပိုင်း ပြဿနာ မရှိပါဘူး။ ကျနော်တို့မှာ ပိုက်ဆံ မလိုပါဘူး။ ဂါဗာဒီအောကို အသင်းမှာ ဆက်ထိန်းဖို့ပဲ အလိုရှိပါတယ်။
မန်စီးတီးနဲ့က သဘောတူညီမှု မရသေးပါဘူး။ ဂါဗာဒီအော ကိစ္စက နည်းနည်းတောင် မနီးစပ်သေးတာပါ ” လို့ လိုက်ဇစ်ဒါရိုက်တာ Max Eberl က စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ထုတ်ပြောလာခဲ့တာပါ။
လိုက်ဇစ်ဟာ ဇွန်လ အကုန်တုန်းက ကွင်းလယ်လူ ဆိုဘိုစလိုင်ကို လီဗာပူးအသင်းထံ ပေါင် သန်း ၆၀ ဖြင့် ရောင်းချထားခဲ့တာကြောင့် တောင့်တင်းတဲ့ ငွေကြေး ရှိနေတာပဲ ဖြစ်ပါတယ်။
