မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ရောင်းထုတ်ဖို့ ကြိုးစားမယ့် စီနီယာ ကစားသမားတွေထဲ မက်ဂွဲရားကို ထည့်သွင်းထားပြီ ဖြစ်ပါတယ်။
၂၀၁၉ မှာ လက်စတာကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ပြောင်းလာခဲ့တဲ့ အင်္ဂလန်သား ခံစစ်မှူးဟာ တန်ဟက် လက်ထက်မှာ နေရာမရဖြစ်နေတာပါ။ သူဟာ ဦးစားပေး စာရင်းမှာ ဗာရန်း၊ မာတီနက်စ်၊ လင်ဒီအော့၊ လုရှောတို့နောက်ကို ရောက်ရှိနေပါတယ်။
ယူနိုက်တက်ဘက်က အသက် ၃၀ အရွယ် မက်ဂွဲရားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ ထိ အလိုရှိနေတယ်လို့ MEN က ဆိုပါတယ်။ ဒါဟာ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေအတွက် အတားအဆီး ဖြစ်လာမယ့် ပမာဏလည်း ဖြစ်ပါတယ်။
နည်းပြတန်ဟက်ဟာ တွမ်ဇီဘီ၊ ဖီးဂျုံးတို့ ထွက်ခွာသွားတဲ့ ခံစစ်မှာ မက်ဂွဲရားကိုလည်း ရှင်းထုတ်နိုင်ပါက ခံစစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်မှာ ဖြစ်ပါတယ်။
ဒီနွေမှာ နာပိုလီကနေ ကင်မင်ဂျေကို ခေါ်ယူဖို့ အားထုတ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က လက်ဦးသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ခံစစ်အတွက် နောက်ထပ် ပစ်မှတ်ကတော့ မိုနာကိုမှ ဒီဆာစီဖြစ်လာမယ်လို့ သိရတာ ဖြစ်ပါတယ်။
