အာဆင်နယ်ဟာ ခံစစ်သမား တင်ဘာကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပေမယ့်လို့ နောက်ထပ် ခံစစ်သမား တစ်ဦးကို ထပ်မံ ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။
ဂျာမာန်လိဂ်မှာ တောက်ပနေတဲ့ အသက် ၂၂ နှစ်အရွယ် ညာတောင်ပံ-အစွန်လူ ဖရန့်ပေါင်ကို အာဆင်နယ်ဘက်က သဘောကျနေခြင်းလို့ သိရတယ်။ လေဗာကူဆင်ဘက်ကတော့ သူတို့ ကစားသမားအတွက် ယူရို သန်း ၅၀ လောက်ထိ စျေးခေါ်ထားတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အရည်အချင်းရှိ ညာအစွန်လူ တစ်ဦးကို ခေါ်ယူနိုင်ဖို့ လိုနေတာဖြစ်ပြီး အေဂျက်အသင်း ခံစစ်သမား တင်ဘာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး အပြည့်အဝ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ တင်ဘာဟာ ဗဟိုခံစစ်ကော ညာအစွန်လူ နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။
နယ်သာလန်သား ဖရန့်ပေါင်ကတော့ တိုက်စစ်လိုက်ပါမှု မြင့်မားတဲ့ ညာအစွန်လူ နေရာမှာ အံဝင်သူဖြစ်ပြီး မနှစ်ကရာသီ ပြိုင်ပွဲစုံမှာ ကိုယ်တိုင် ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် လုပ်ထားနိုင်ပါတယ်။ သူ့ကို ခေါ်ယူခဲ့မယ်ဆိုရင် ဘမ်ဝှိုက်နေရာ အဆင့် မြှင့်တင်နိုင်မှု ဖြစ်လာမှာပါ။
သတင်းထောက် Stefan Bienkowski ကတော့ ” အာဆင်နယ်နဲ့ လေဗာကူဆင်ကြားမှာ ဖရန့်ပေါင်အတွက် ဆွေးနွေးနေပြီး အခုမှ ကနဦး အဆင့်ပဲ ရှိပါသေးတယ်။ ဘာမှ အတိအကျ စကားမပြောသေးသလို ဘွန်ဒက်လီဂါ ကလပ်က သူ့အတွက် ယူရို သန်း ၅၀ ထက် နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး ” လို့ ဖော်ပြခဲ့တာပါ။
အာဆင်နယ်ဟာ စျေးကွက်ပိတ်ခါနီး တောင်ပံ ဧရိယာမှာ အကောင်းဆုံး ကစားနိုင်မယ့် ကစားသမား တစ်ဦး ခေါ်ယူဦးမယ်လို့ သတင်းထွက်နေတာပါ။ တောင်ပံ တိုက်စစ်သမားထက် ညာအစွန်မှာ အတက်အဆင်း ကစားနိုင်တဲ့ ဖရန့်ပေါင်ကို ခေါ်ယူသွားမလားက စောင့်ကြည့်ရပါလိမ့်မယ်။
