အာဆင်နယ်ဟာ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးစားနေသလို ဒီစျေးကွက်အတွင်း အာတီတာရဲ့ ပရော်ဂျက်မှာ ပါဝင်သွားဖွယ် မရှိတော့တဲ့ အသင်းသားတွေကိုလည်း ရှင်းထုတ်မှု ပြုလုပ်သွားမှာပါ။
စီနီယာကွင်းလယ်လူတွေဖြစ်တဲ့ ရှာခါ၊ ပါတေးတို့ကို ဒီနွေစျေးကွက်အတွင်း ရောင်းချသွားမှာဖြစ်ကာ နောက်ထပ် ကစားသမား ၆ ဦးအတွက် ဝယ်လက်တွေ ရှာဖွေသွားဖို့ ပြင်ဆင်ထားကြောင်း စကိုင်းစပေါ့က ဖော်ပြပါတယ်။
ဂန်းနားတို့ ရောင်းထုတ်လိုသူတွေထဲ အံ့အားသင့်ဖွယ် ပါဝင်လာသူက တိုက်စစ်သမား ဘာလိုဂန် ဖြစ်ပါတယ်။ ပြင်သစ်ကလပ် Reims အသင်းမှာ အငှားထွက်ကစားခဲ့ကာ လီဂူးဝမ်း သွင်းဂိုး ၂၁ ဂိုးရခဲ့တာကြောင့် ကလပ်အများအပြားက သူ့ကို ခေါ်ယူလိုနေကြပါတယ်။
ဂျေးဆု၊ မာတင်နယ်လီ၊ ဟာဗက်တို့ ရှိနေခြင်းကြောင့် အာတီတာရဲ့ ပွဲထွက် လူစာရင်းမှာ နေရာမရနိုင်တဲ့ ဘာလိုဂန်အတွက် အာဆင်နယ်ဘက်က ပေါင် ၃၅ သန်း ဝန်းကျင်ရလိုနေပါတယ်။
ဒါ့အပြင် ပေပေ၊ လိုကွန်ဂါ၊ တာဗာရိစ်၊ ဆီးဒရစ်တို့ကိုလည်း ဒီစျေးကွက်မှာ ရောင်းချနိုင်ဖို့ ကြိုးစားဦးမှာပါ။ မနှစ်ကရာသီ နော်ဝစ်ချ်ကို အငှားထွက်ကစားခဲ့တဲ့ မာကွီဟိုစ့်ကလည်း အာဆင်နယ်ဘက်က အငှား ဒါမှမဟုတ် အပြီးသတ် ရောင်းချလိုတဲ့ ကစားသမားစာရင်းထဲ ပါဝင်နေတာဖြစ်ပါတယ်။
