မန်စီးတီးအသင်းဟာ ဒီကလန်ရိုက်စ်အတွက် အာဆင်နယ်ရဲ့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးကို ထပ်လိုက်မှာ မဟုတ်ဘဲ ကွင်းလယ်လူကို ချိတ်ဆက်ရေးကနေ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်နည်းတူ ဒီကလန်ရိုက်စ်အတွက် ပေါင် သန်း ၉၀ ဖြင့် မန်စီးတီး ဝင်ရောက် ချိတ်ဆက်တဲ့နောက် အမ်းမရိတ်တာဝန်ရှိသူတွေက သူတို့ရဲ့ အဓိက ပစ်မှတ်ကို ပရီးမီးယားလိဂ် ချန်ပီယံတွေထံ လက်မလွတ်ရရေး ပေါင် ၁၀၅ တန်းထိ စျေးတိုးပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကနဦး ပေါင် သန်း ၁၀၀ နဲ့ ထပ်တိုးကြေး ပေါင် ၅ သန်းတို့ ပါဝင်တဲ့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုဟာ ဗြိတိန် ကစားသမား တစ်ဦးအတွက် ပရီးမီးယားလိဂ် စံချိန်တင်ကြေးပဲ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းဘက်က လက်ခံရရှိခဲ့ပြီးနောက် မန်စီးတီးဘက်က ဝင်ပါဦးမလား စောင့်ဆိုင်းနေစဉ်မှာပဲ ဂွာဒီယိုလာရဲ့ အသင်းက နောက်ဆုတ်ခဲ့ကြောင်း သတင်းထောက် Sam Lee က ဖော်ထုတ်လာခဲ့တာပါ။
ဒီအတိုင်းဆိုရင် လန်ဒန် ကလပ်နှစ်သင်းကပဲ ငွေပေးချေမှုကို ဆက်လက် ဆွေးနွေးကြဖို့ ရှိပါတယ်။ အာဆင်နယ်ဟာ သူတို့ နွေအသုံးစရိတ်ရဲ့ ထက်ဝက်ကို ဒီကလန်ရိုက်စ်အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။
