ဆာကာရဲ့ စာချုပ်သစ်မှာ အချက်တစ်ခု ထည့်သွင်းဖို့ အာဆင်နယ်ဘက်က သဘောမတူလို့ စာချုပ် သက်တမ်း ၂ နှစ်စာ လျော့ချ

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းမှာ ဆက်ရှိနေဖို့ စာချုပ်သစ်ကို လက်မှတ် ထိုးခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ဟာ မူလ ရည်ရွယ်ထားသလို သက်တမ်းရှည်မျိုး မဟုတ်ခဲ့ဘူးလို့ သိရပါတယ်။

ဒီအပတ်မှာပဲ အာဆင်နယ်နဲ့ ဆာကာကြား စာချုပ်သစ် လက်မှတ်ထိုးခဲ့ကာ တစ်ပတ်လုပ်ခ ပေါင် ၂၁၀၀၀၀ ပေးမယ့် အချက် ပါဝင်ခဲ့ပါတယ်။ အကယ်လို့ ဆာကာဘက်က စွမ်းဆောင်ရည်ပိုင်းမှာ သတ်မှတ်ချက်တွေ ပြည့်မှီမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ထိ ရရှိသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ဆာကာကို လက်မှတ်ထိုးနိုင်ခြင်းဟာ သတင်းကောင်းဖြစ်ပေမယ့် ကိစ္စတွေက မျှော်လင့်သလို အဆင်ပြေပြေ ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ ဆာကာရဲ့ ကိုယ်စားလှယ်တွေက စာချုပ်မှာ စာချုပ်ပါ ပြောင်းရွှေ့ကြေး တစ်ရပ် ထည့်သွင်းလိုခဲ့ပါတယ်။

Release clause တွေဟာ ဥရောပမှာ မထူးဆန်းပေမယ့်လို့ အင်္ဂလန် ဘောလုံးလောကမှာတော့ အခုမှ စတင်လာစ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ဘက်က ဆာကာရဲ့ စာချုပ်မှာ ပြောင်းရွှေ့ကြေး ထည့်ဖို့ကို ငြင်းဆန်ခဲ့တယ်။

ဒါကြောင့်ပဲ ဆာကာရဲ့ ကိုယ်စားလှယ်တွေဘက်က စာချုပ်ကို မူလသတ်မှတ်ထားတဲ့ နှစ်ထက် ကာလတိုကို လျော့ချခဲ့တာ ဖြစ်ပါတယ်။ ဆာကာရဲ့ စာချုပ်သစ်ဟာ ၂၀၂၇ နှစ်ထိရှိမယ့် ၄ နှစ်သက်တမ်းပဲ ဖြစ်ပြီး မူလတုန်းက အာဆင်နယ်ဘက်က ၆ နှစ်ထိ သက်တမ်းတိုးဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ၂ နှစ်အတွင်း ဆာကာရဲ့ အခြေအနေကို ပြန်လည် သုံးသပ်မှာဖြစ်ပြီး အဲ့ကာလကျရင် သက်တမ်းတိုးမလား၊ စာချုပ်သစ်ပေးမလား ကြည့်ရှုသွားမှာ ဖြစ်ပါတယ်။