မနေ့ညက ဖောရက်စ်ကို ၁-၀ ရလဒ်ဖြင့် အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်ဟာ ဒီရာသီ အဆင့် ၂ နေရာနဲ့ ဘောလုံးရာသီ သိမ်းဖို့ သေချာသွားခဲ့ပါပြီ။
တစ်ရာသီလုံး လိဂ်ကို ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးပွဲတွေမှာ ချန်ပီယံဖိအားကို မရင်ဆိုင်နိုင်ခြင်းနဲ့အတူ အာဆင်နယ်က ရလဒ်တွေ ဆက်တိုက် ထိခိုက်လာခဲ့တာပါ။ ပွဲကို ဦးဆောင်ပြီးခါမှ ရမှတ်တွေ ပြန်ခွဲပေးလိုက်ရတဲ့ လီဗာပူး၊ ဝက်စ်ဟမ်း ပွဲတွေဟာ အာဆင်နယ်ရဲ့ ဖလား မျှော်လင့်ချက်ကို ထိခိုက်စေခဲ့တာလို့ အာတီတာက ထုတ်ပြောလာခဲ့ပါတယ်။
” ဒါတွေအားလုံးက အန်ဖီးကွင်းမှာ ဖြစ်သွားခဲ့တဲ့ မိနစ် ၉၀ ကနေ စတင်ခဲ့တာပါပဲ။ ကျနော်တို့ ရမှတ်တွေ ဆုံးရှုံးခဲ့တယ်။ အဲ့နောက် ဝက်စ်ဟမ်းပွဲပေါ့။ ကိုယ်က ၃-၁ နဲ့ ဦးဆောင်ထားပြီးမှ ကိစ္စတွေ အပြောင်းအလဲ ဖြစ်ကုန်တော့တာပဲ။
ကျနော်တို့ ဂိုးတွေ အများကြီး ခွင့်ပြုရတာကလည်း အကြောင်းရင်း တစ်ချက်ပါပဲ။ ဒီပွဲတွေအတွင်း ပေးဂိုး ၁၆ ဂိုးလောက် ခွင့်ပြုခဲ့ရတယ်။ ဒါက အရမ်း အရမ်းကို များတဲ့ ပမာဏပါ။ ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ဆိုရင် ကိုယ်က ကိစ္စတိုင်းမှာ ကန့်သတ်ချက်မရှိ သိပ်ကောင်းနေဖို့ လိုပါတယ်။ ” လို့ အာတီတာက ပြောဆိုသွားပါတယ်။
ဒီကနေ့ည မန်စီးတီးနဲ့ ချယ်ဆီးပွဲမှာတော့ မန်ချက်စတာ ကလပ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံတွေအဖြစ် အောင်ပွဲခံသွားတော့မှာပါ။ အာတီတာကတော့ သူ့ရဲ့ အသင်းဟောင်းကို ထိုက်တန်တဲ့ ချန်ပီယံတွေအဖြစ် အသိအမှတ် ပြုပေးခဲ့ပါတယ်။
” ကျနော်တို့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ မအောင်မြင်ခဲ့ပေမယ့် မန်စီးတီးကို ဂုဏ်ပြုပါတယ်။ သူတို့က ချန်ပီယံတွေပါ၊ သူတို့က ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပါတယ် ” လို့ အာတီတာက ဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
