လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်းကြီးတွေကို ဂန်းနားကြီး အီရန်ရိုက် ဖော်ထုတ်

ဒီရာသီ အာဆင်နယ်အသင်းရဲ့ တောက်ပမှုကို အရမ်း ဂုဏ်ယူပါကြောင်း အီရန်ရိုက်က ထုတ်ပြောခြင်းနဲ့အတူ လာမယ့်ရာသီဟာ အသင်းကြီးတွေရဲ့ တခေတ် ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းပါ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ပြိုင်ဆိုင်နိုင်ခဲ့ပေမယ့် ဒီရာသီမှာလည်း မန်စီးတီးပဲ ချန်ပီယံဖြစ်မယ့် အလားအလာ ရှိနေပါတယ်။ ဒါကြောင့် နောက်ဆုံး ၆ နှစ်အတွင်းမှာ မန်ချက်စတာ ကလပ်ကို ရပ်တန့်နိုင်တဲ့ တစ်သင်းတည်းသော ကလပ်က လီဗာပူးအသင်းပဲ ရှိနေခဲ့တာပါ။

ထိပ်သီးအသင်းတွေ အားလုံး အင်အားမတောင့်တင်းလာရင်တော့ မန်စီးတီးကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘဲ ပရီးမီးယားလိဂ်ဟာ ပြင်သစ်နဲ့ ဂျာမာန်လိဂ်ကို တစ်ကောင်တည်း ပြေးတဲ့ လိဂ်ပြိုင်ပွဲဖြစ်လာမယ်လို့ ဂန်းနားဟောင်းကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

‘ အစောပိုင်းကတော့ သိပ်ကို စိတ်ပျက်မိတာပေါ့ဗျာ။ ဒါပေမယ့် ဒီအာဆင်နယ်အသင်းအတွက် ကျနော် ဂုဏ်ယူမိပါတယ်။ အပြင်ကလူတွေ ဘာပဲပြောပြော ကျနော်အတွက်တော့ ကိစ္စမရှိပါဘူး။ ကျနော်တို့ ပရီးမီးယားလိဂ် အနိုင်ရဖို့ထိ မဖြစ်နိုင်တာ လူတိုင်း သိပါတယ်။ အချက်ကျကျ ကြည့်မယ်ဆိုရင် အသင်းရဲ့ အသက်အရွယ်၊ ဝါနုသေးမှုနဲ့ ဒဏ်ရာ ပြဿနာတွေပေါ့။

ဒီရာသီမှာ အာဆင်နယ် အမြင့်ပျံသန်းလိုက်တာ နေမင်းနဲ့တောင် ထိလုမတတ်ပဲ။ အမြင့်ဆုံးကို ပျံတက်သွားဖို့ သူတို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း သိပ်ကောင်းပါတယ်။

လာမယ့်ရာသီကို ကျော်ကြည့်မယ်ဆိုရင် အာဆင်နယ်အတွက် နည်းနည်း စိတ်ပူစရာက ချယ်ဆီးကို ကိုင်တွယ်ဖို့ ပိုချက်တီနို ဝင်ရောက်လာတော့မယ်။ သူတို့မှာ သိပ်ကောင်းတဲ့ လူစာရင်း ရှိထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမယ်တော့ မသိပါဘူး။ ဒါပေမယ့် သူတို့က အိပ်မောကျနေခဲ့တာ အချိန် အတော်ကြာနေပါပြီ။ လီဗာပူးကလည်း သူတို့ လိုအပ်တဲ့ ခေါ်ယူမှုတွေကို ပြုလုပ်ပြီး သူတို့ ရှိရမယ့် နေရာအတွက် အပေါ်ကို ပြန်တက်လာတော့မှာပါ။

အဲ့အသင်းတွေအပြင် မန်စီးတီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်ကလည်း အမှတ်ပေးဖလား စိန်ခေါ်မှာပါ။ အခုချိန် အားလုံးက အားကောင်းလာပြီ စိတ်လှုပ်ရှားစရာ ဖြစ်လာနေပါပြီ။ မန်စီးတီးက အခုလိုပဲ ၆ နှစ်အတွင်း ၅ ကြိမ် ချန်ပီယံဖြစ်မယ်ဆိုရင် အသင်းတိုင်းက အနည်းဆုံး ရမှတ် ၉၀ ရဖို့ လိုအပ်လာပါပြီ။

လီဗာပူးက သူတို့လည်း လုပ်နိုင်တယ်ဆိုတာ ပြသခဲ့တယ်။ ကျနော်တို့ စိတ်ပူရမှာက လီဗာပူးနဲ့ အာဆင်နယ်တို့ ကောင်းကောင်းလုပ်နိုင်တာတောင် သူတို့ စီးတီးနဲ့ ယှဉ်ပြိုင်နေရဆဲပါပဲ။ လူတိုင်းက ပြင်သစ်နဲ့ ဂျာမာန်လိဂ်တွေကို ဟားတိုက်နေပေမယ့် ဂရုမစိုက်ရင် ပရီးမီးယားလိဂ်လည်း တူညီတဲ့ လိဂ်ဖြစ်လာနေပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်လို မန်စီးတီးကို ဖြိုလဲဖို့ဆိုရင် ချယ်ဆီး၊ လီဗာပူး၊ မန်ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ် အားလုံး အင်အားတောင့်တင်းလာဖို့ လိုပါတယ် ’ လို့ အီရန်ရိုက်က ထုတ်ပြောသွားတာ ဖြစ်ပါတယ်။