စပါးမှာ စွမ်းဆောင်ရည် ကျဆင်းနေသူ လိုရစ်ကို လက်ရှိ လုပ်ခထက် ၃ ဆ ပိုပေး ကမ်းလှမ်းတဲ့ ကလပ် ထွက်ပေါ်လာ

စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်ကို လက်ရှိ လုပ်ခထက် ၃ ဆ ပိုပေးပြီး ကမ်းလှမ်းတဲ့အသင်း ရှိနေကြောင်း ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

ပြင်သစ်ကလပ်မှာ ၁၁ ရာသီ ကစားပေးထားတဲ့ လိုရစ်ဟာ လက်တလော ကျဆင်းနေတဲ့ လက်စွမ်းတွေကြောင့် အတော်လေး ဝေဖန်ခံနေရသူပါ။ သူဟာ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ် လက်ရွေးစင် အသင်းကနေ အနားယူထားသူလည်း ဖြစ်ပါတယ်။

စပါးအသင်းက သူတို့ရဲ့ ပထမဦးစားပေး ဂိုးသမားနေရာအတွက် လိုရစ်ကို ဆက်ထားသင့်လား မေးခွန်းထုတ်ခံနေရချိန်မှာပဲ ဆော်ဒီလိဂ်က ပြင်သစ်သားကို လက်ရှိ ရနေတဲ့ လုပ်ခထက် ၃ ဆ ပိုပေးပြီး ကမ်းလှမ်းထားကြောင်း ဗြိတိတ်သတင်းဌာန The Times က ဖော်ပြလာခဲ့တယ်။

ရော်နယ်ဒို လက်ရှိ ကစားနေတဲ့ ဆော်ဒီလိဂ်ဟာ ဘက်ကွက်စ်နဲ့ မက်ဆီတို့လို ဥရောပ အကျော်အမော်ဟောင်းတွေကိုလည်း ချိတ်ဆက်နေတာပါ။ အမည်မသိရသေးတဲ့ ဆော်ဒီကလပ်က အသက် ၃၆ နှစ်အရွယ် ဂိုးသမားကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းထိပေးမယ့် စာချုပ်မျိုး ပေးထားတာလို့ သိရပါတယ်။

၂၀၁၂ တည်းက ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့တဲ့ လိုရစ်ကို လာမယ့်ရာသီ ဆက်ထိန်းထားရင်တောင် စပါးတို့က ရေရှည်အတွက် ဂိုးသမား တစ်ဦး ခေါ်ယူထားဖို့ စီစဉ်လာခဲ့တယ်။ လက်တလောမှာ လီဗာပူး အရန်ဂိုးသမား ကလယ်ဟာက စပါးနဲ့ သတင်းကြီးတွေ ထွက်နေပါတယ်။

အယ်လီဆန်ကို မကျော်နိုင်သေးတဲ့ လီဗာပူး အကယ်ဒမီထွက်ဟာ ဖလားပွဲတွေမှာ တည်ငြိမ်တဲ့ လက်စွမ်း ပြသနေပြီး ပုံမှန်ပွဲကစားခွင့်အတွက် ဒီနွေမှာ အသင်းသစ် ရှာဖွေသွားဖို့ ရှိနေပါတယ်။ လီဗာပူးဘက်ကတော့ ပေါင် သန်း ၂၀ ရရင် ကလယ်ဟာကို ထွက်ခွင့်ပေးဖွယ် ရှိနေတာ ဖြစ်ပါတယ်။