အာဆင်နယ်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ ပွဲအပြီးမှာ မန်စီးတီးအသင်းဖော်တွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ခြင်း မရှိပါဘူး။
အဆိုပါပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ပွဲစဉ်ဖြစ်တာကြောင့် အတော်လေး အာရုံစိုက်ခံရပါတယ်။ ပွဲအပြီးမှာ သတင်းဌာနတွေ၊ ရုပ်သံဌာနတွေနဲ့ အင်တာဗျူး ဆက်တိုက် လုပ်ခဲ့ရတဲ့ ဒီဘရိုင်းဟာ သူအဝတ်လဲခန်းထဲ ရောက်ချိန်မှာ အသင်းဖော်တွေ ပြန်သွားကြတာကို ရင်ဆိုင်ခဲ့ရတာပါ။
အာဆင်နယ်ကို အနိုင်ရခြင်းအတွက် မန်စီးတီးအသင်း ဘယ်လို အောင်ပွဲခံသလဲ မေးခံရချိန်မှာ ဒီဘရိုင်းက ” တကယ်ပြောရရင် အင်တာဗျူး ၁၅ ခုလောက်ကို ဆက်တိုက် လုပ်နေခဲ့ရတာဗျာ။ ကျနော်လည်း အသင်း အဝတ်လဲခန်းထဲ ရောက်သွားရော အသင်းသား အများစုက မရှိကြတော့ဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။
အာဆင်နယ်ကို ဂိုးပြတ် အနိုင်ရစေခဲ့တဲ့ မန်စီးတီးအသင်း ကစားဟန်ကို ဂွာဒီယိုလာက သိပ်သဘောကျနေပြီး စီးတီးရဲ့ ခြိမ်းခြောက်မှုတွေ စတင်ရာဖြစ်ခဲ့တဲ့ ဒီဘရိုင်းကို အထူးချီးကျူးခဲ့သလို တိုက်စစ်တွဲလုံးတွေဟာ မျှော်လင့်ထားတဲ့အတိုင်း အပြည့်အဝ ဖြစ်ခဲ့တယ်လို့ စပိန်သားနည်းပြက မြင်ပါတယ်။
” ကီဗင် ဒီဘရိုင်းက ထူးရှယ် ကစားသမားပါပဲ။ ဒီနေ့ပွဲမှာ အာဆင်နယ်တို့ အမြင့်ဆုံး ဖိအားပေးလာမှာကို ကျနော်တို့ မျှော်လင့်ထားခဲ့တယ်။ အမြင့်ဆုံး ဖိအားပေးမှုမှာ အဝေးဘောကော၊ second balls တွေကောကို ကယ်ဗင်နဲ့ ချိတ်ဆက်ပြီး အနိုင်ရအောင် လုယူနိုင်ခဲ့တယ်။ ပြီးတော့ ဟာလန်းနဲ့အတူ ပြေးလွှားမှုတွေ လုပ်နိုင်ခဲ့တယ်။
တိုက်စစ်က မယုံနိုင်လောက်အောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဟာလန်းက မယုံနိုင်အောင် ခြိမ်းခြောက်နိုင်သူ ဖြစ်ပါတယ်။ တိုက်စစ်သမားတွေကြား ချိတ်ဆက်ခဲ့ကြပြီး ကီဗင်က သိပ်ကို ထူးချွန်ခဲ့ပါတယ် ” လို့ ဂွာဒီယိုလာက ချီးကျူးခဲ့တာပဲဖြစ်ပါတယ်။
