အာဆင်နယ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားက မန်စီးတီး လက်ထဲမှာလို့ ဂွာဒီယိုလာ ကြွေးကြော်

အိမ်ကွင်းမှာ အာဆင်နယ်ကို ၄-၁ ရလဒ်ဖြင့် ဂိုးပြတ်၊ စွမ်းဆောင်ရည် အသာဖြင့် အသာယူပြီးနောက် မန်စီးတီးဟာ ချန်ပီယံ ပြေးလမ်းကြောင်းမှာ သိသိသာသာ အသာစီး ယူသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးအတွက် သွင်းဂိုးကို ပထမပိုင်း အစမှာတင် ဒီဘရိုင်းက သိပ်ကောင်းစွာ ပြေးလွှားပြီး အဝေးကန်ချက်ဖြင့် ရယူပေးခဲ့ကာ စတုန်းက ဒုတိယဂိုး ရယူပေးခဲ့တယ်။ ဒုတိယပိုင်းမှာ ဒီဘရိုင်း တတိယ ဂိုး သွင်းခဲ့ပြီး ၈၆ မှာ ဟိုးဒင်း ချေပဂိုး တစ်ဂိုး ပြန်သွင်းပေမယ့် ဟာလန်း က ပွဲသိမ်း ဂိုး ထပ်သွင်းလိုက်တာကြောင့် ဂန်းနားတို့ ၄-၁ နဲ့ အပြတ် အသတ် ရှုံးသွားခဲ့တာပါ။

မန်စီးတီးဟာ အာဆင်နယ်နဲ့နောက် ဒုတိယနေရာမှာပဲ ဆက်ရှိနေသေးတယ် ဆိုပေမယ့် လက်ကျန် ၂ ပွဲ အနိုင်ရရင် အာဆင်နယ်ကို ၄ မှတ်ဖြတ်နိုင်မှာမို့ ဒီရာသီ ချန်ပီယံဖြစ်လာဖို့ အတော်လေးကို ရေပန်းစားသွားခဲ့ပါပြီ။

ပွဲအပြီးမှာ ပြိုင်ဘက်ကြီးကို ဖြုတ်ချခဲ့တဲ့နောက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်လို့ ရနေပြီးလား မေးခွန်းကိုတော့ ဂွာဒီယိုလာက

” နိုင်ပွဲတွေက အကူအညီဖြစ်ပါတယ်။ အက်ဖ်အေဖလား ဖိုင်နယ်ကို ရောက်ခဲ့ပြီး ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ထံ တက်လှမ်းနိုင်ခြင်းနဲ့အတူ ကျနော်တို့က အတော်လေး ပင်ပန်းနေခဲ့ကြတာပါ။

အာဆင်နယ်က ကျနော်တို့ထက် ၂ မှတ်သာနေသေးလို့ ရပ်တန့်လို့တော့ မရပါဘူး။ ကိုယ်ကစားရမယ့် ပွဲကျန်တွေကို နိုင်ရပါမယ်။ အာရုံစူးစိုက်မှုကို ရပ်လို့ မရပါဘူး။ အခုချိန်မှာ ပရီးမီးယားလိဂ်က ကျနော်တို့ လက်ထဲမှာပါ။ ကိုယ်လက်ထဲမှာ ရှိနေတာကို ဆုပ်ကိုင်နိုင်ရပါမယ် ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။