မန်ချက်စတာ စီးတီးဟာ အာဆင်နယ် အသင်းကို မနေ့ညက အီတီဟက်မှာ ဧည့်ခံ ကစားရာ ၄-၁ နဲ့ အနိုင်ယူပြီး ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို အလဲထိုးလိုက်ပါတယ်။
ထိုပွဲမှာ မန်စီးတီးရဲ့ နိုင်ပွဲကို သိပ်လွယ်သွားအောင် အာဆင်နယ် နောက်ခံလူ ရော့ဘ် ဟိုးဒင်းက သွားပြီး ကူညီရာ ရောက်ခဲ့တယ်လို့ မာတင်ကီယွန်က မချင့်မရဲ ဆိုခဲ့ပါတယ်။
အိမ်ရှင် မန်စီးတီးဟာ ပွဲကို လုံးဝ လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂန်းနားတို့ကို အေးအေးဆေးဆေးပဲ ကိုင်တွယ်သွားခဲ့ပါတယ်။
ပထမပိုင်း ပြီးတည်းက ဒီဘရိုင်း၊ စတုန်းတို့ ဂိုးတွေနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်မှာ ဒီဘရိုင်း တတိယ ဂိုး သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ နလံမထူနိုင် ဖြစ်ခဲ့ပါတယ်။ ၈၆ မှာ ဟိုးဒင်း ချေပဂိုး တစ်ဂိုး ပြန်သွင်းပေမယ့် ဟာလန်း က ပွဲသိမ်း ဂိုး ထပ်သွင်းလိုက်တာကြောင့် ဂန်းနားတို့ ၄-၁ နဲ့ အပြတ် အသတ် ရှုံးသွားခဲ့တာပါ။
ဒီပွဲမှာ ဆာလီဘာ မပါဝင်နိုင်တာကြောင့် အာဆင်နယ်ဟာ ဗဟိုခံစစ်မှာ ဟိုးဒင်းကိုပဲ ဂါဘရီရယ်နဲ့ တွဲဖက် ပွဲထုတ်ခဲ့ရပါတယ်။ မလွှဲသာလို့ တာဝန် ယူခွင့်ရတဲ့ ဟိုးဒင်းဟာ ဟာလန်းကို ဘယ်လိုမှ မထိန်းနိုင်ခဲ့တဲ့ အပြင် စွန့်စားမှုတောင် မလုပ်ခဲ့ဘူးလို့ ကီယွန်က အပြစ်တင်ခဲ့ပါတယ်။
” ကျနော်သာ ဝင် ကစားနေရင် ခေါင်းထဲမှာ ဟာလန်းပဲ တွေးနေမှာ။ ဟိုးဒင်းက ထိပ်တိုက် စ ယှဉ်တည်းက အရေးနိမ့်သွားတာ။ ပထမဆုံး စယှဉ်တည်းက ဟာလန်းကို မထိန်းနိုင်လိုက်ဘဲ အဲဒီကနေ ပထမဂိုး စပေးရတော့တာပဲ။
ကိုယ် လူကပ်ထားတဲ့ သူ ကို လွှတ်ခွင့် မရှိဘူးလေ။ လိုအပ်ရင် ခွန်အားသုံး၊ ပစ်တိုက်ပြီး အဝါကတ်သာ ယူလိုက်။ ဒါပေမယ့် ဟာလန်းက ကွင်းထဲမှာ စိတ်ကြိုက်ကို လှုပ်ရှားနေပြီး သူ့ကြည့်ရတာ တအားကို လွယ်ကူနေတော့တာ။
ဒါမျိုးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အာဆင်နယ် နောက်ခံလူငယ်တွေ အနေနဲ့ သင်ယူ ရပါမယ်၊ မြန်မြန်ကို သင်ယူမှ ဖြစ်ပါမယ်။ ” လို့ ကီယွန်က ဆိုခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် နှစ်ပွဲပို ကစား၊ ၂မှတ် အသာနဲ့သာ ဇယားထိပ်မှာ ဦးဆောင်ထားပြီး မန်စီးတီးသာ လက်ကျန်ပွဲတွေ အနိုင်ရရင် အဆင့် ၁ နေရာကို သိမ်းပိုက်သွားတော့မှာ ဖြစ်ပါတယ်။