အာဆင်နယ်ရဲ့ နောက်ဆုံး ၃ပွဲ ရလဒ်ဟာ အခြေအနေ မကောင်းခဲ့ပဲ ဒီညမှာတော့ အမှတ်ပေးဖလား ပြိုင်ဘက် မန်စီးတီးနဲ့ အဝေးကွင်းမှာ ကစားရမှာပါ။
လအစတုန်းက ဂန်းနားတွေဟာ မန်စီးတီးထက် ၈ မှတ် အသာရနေခဲ့ပေမယ့် အခုချိန်မှာ မန်စီးတီးနဲ့ပွဲ မတိုင်ခင်မှာ ၂ပွဲပို ကစားထားပြီး အမှတ်ကွာဟချက်က ၅မှတ်ပဲ ရှိတော့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲ ၆ ပွဲလုံး အနိုင်ရရင် အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်နိုင်ဦးမှာဖြစ်ပေမယ့် ဗုဒ္ဓဟူးနေ့ပွဲမှာ လိုအပ်တဲ့ရလဒ်ကို မရဘူးဆိုရင် အခြေအနေက ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ဆာလီဘာ ပါနိုင်ဖွယ် မရှိ
နောက်ဆုံး ၃ပွဲမှာ နိုင်ပွဲပျောက်နေခဲ့သလို ဒီရာသီ မန်စီးတီးကို ၂ခါ ရှုံးထားခဲ့တဲ့နောက် အာတီတာဟာ လာမယ့်ပွဲမှာ အသစ်ပြင်ဆင်မှုတွေ လုပ်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။ ဒီနောက်ပိုင်း ယိမ်းယိုင်နေခဲ့တဲ့ ခံစစ်မှာ ဝီလီယံ ဆလီဘာ ပြန်လာရင် အားတက်ဖွယ် ဖြစ်ဖို့ရှိပေမယ့် ပါဖို့ မသေချာသေးပါဘူး။
“ ဘာသတင်းမှ ပေးစရာမရှိသေးပါဘူး။ ဝီလီယံနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ နည်းနည်းထပ်ပြီး စောင့်ရပါဦးမယ်။ သူက ကျွန်တော်တို့ မျှော်လင့်ထားသလိုမျိုး မြန်မြန် ပြန်ကောင်းမလာခဲ့ဘူး။ သူ ပိုကြိုးစား လေ့ကျင့်နေပေမယ့် ဒီလိဂ်ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုတွေအတိုင်း ကစားနိုင်ဖို့ လုံလောက်တဲ့ အဆင့်အတန်းမှာ မရှိသေးပါဘူး” လို့ အာတီတာက ဆိုပါတယ်။
ရှာကာ ပြန်လာမယ်
ဒီရာသီ လိဂ်ပွဲတိုင်း ပါဝင်ခဲ့တဲ့ ရှာကာရဲ့ မှတ်တမ်းက ဆောက်သမ်တန်နဲ့ပွဲမှာ အဆုံးသတ်သွားခဲ့ပြီး သူ့နေရာမှာ ဖေဘီယို ဗီအဲရာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဗီအဲရာက အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့တာကြောင့် အဖျားက သက်သာလာမယ့် ရှာကာဟာ ချက်ချင်း ပွဲထွက်လူစာရင်းထဲ ပြန်ခေါ်ခံရမှာဖြစ်ပါတယ်။ မနှစ်က မန်စီးတီးနဲ့ ပွဲမှာ ထုတ်ပယ်ခံခဲ့ရတာကို ဒီတစ်ကြိမ်မှာ ပြန်လက်စားချေနိုင်မှာပါ။
ထရော့ဆက်ကို ခေါ်ယူရေး
ထရော့ဆက်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ချီးကျူးစရာဖြစ်ခဲ့တဲ့ အာဆင်နယ် ကစားသမား အနည်းငယ်ထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။ အီတီဟဒ်ကပွဲမှာ သူ့ကို ပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
မာတီနယ်လီ ခြေစွမ်းပြနေပြီး ဆာကာက ဂိုးတွေသွင်း၊ ဂျေးဆုကလည်း အဓိက တိုက်စစ်ဆုံချက် ဖြစ်နေတာနဲ့အတူ ရှေ့တန်းသုံးနေရာထဲမှာတော့ ထရော့ဆက် နေရာမရနိုင်ပါဘူး။ အာတီတာက ထရော့ဆက် ပွဲထွက်ခွင့်ရဖို့ ထိုက်တန်ကြောင်း သဘောတူခဲ့ပေမယ့် အသင်းမှာ တိုက်စစ်ရွေးချယ်စရာ များစွာရှိနေတာကြောင့် လူတိုင်းနဲ့ အံဝင်အောင်လုပ်ဖို့က ခက်ခဲတယ်လို့ ထောက်ပြခဲ့ပါတယ်။
“ သူက နေ့တိုင်း ဒီလိုမျိုး လုပ်ပြနေတာပါ။ အဓိက တစ်သင်းလုံးမှာ လူတိုင်းက နားလည်မှုရှိရှိ အပေးအယူမျှဖို့ပဲ။ အသင်းရဲ့ စည်းချက်နဲ့ တည်ဆောက်ပုံ မပျက်ယွင်းသွားပဲ ဟန်ချက်ညီအောင် ထိန်းထားရမှာပါ။ သူ ဝင်လာတဲ့အချိန်မှာ သူက ထပ်ပြီးတော့ ခြေစွမ်းပြသခဲ့တာတော့ အမှန်ပါပဲ ” လို့ အာတီတာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
