မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဝိန်း ရွန်းနီကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတော် သေချာပြီးမှ လတ်တလော သရေပွဲတွေကြောင့် ကြေကွဲနေရတဲ့ အာဆင်နယ် အသင်း အပေါ် စာနာနေပါတယ်။
အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားထားတဲ့ လီဗာပူး၊ ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန် ၃ ပွဲ ဆက်တိုက် သရေကျလိုက်ပြီးနောက် ချန်ပီယံ အခွင့်အရေးဟာ လာမယ့် မန်စီးတီးပွဲကို အနိုင် ကစားမှ ပြန် အရေးသာမယ့် အခြေအနေ ဆိုက်ရောက်သွားပါတယ်။
ရွန်းနီကတော့ အာဆင်နယ် အသင်း အနေနဲ့ ဒီအနေအထား ထိ လုပ်ပြခဲ့တာတွေက အထင်ကြီးစရာပါပဲ လို့ အားပေးကာ လက်ကျန်ပွဲတွေ အကုန် အနိုင် ကစားရင် ဖြစ်နိုင်သေးကြောင်း ဆိုခဲ့ပါတယ်။
” အာဆင်နယ်က အားလုံး မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန် လုပ်ဆောင်ပြခဲ့တာပါ။ အခုလည်း လက်ကျန် ၆ ပွဲ အကုန် နိုင်ရင် ချန်ပီယံ ဖြစ်မယ် ဆိုတဲ့ အခြေအနေ ရောက်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲ ဆက် သရေကျလိုက်တာက သူတို့ အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ပါပဲ။
ဒီတလောမှာ တကယ်လို့သာ ရာသီအစတုန်းက ‘မင်းတို့ မန်စီးတီးကို တစ်ပွဲ နိုင်အောင် ကန်လိုက်ရင် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်သွားမယ် ဆိုတဲ့ အနေအထားကို ယူမလား’ လို့ အာဆင်နယ်ကို မေးရင် သူတို့ ယူလိမ့်မယ်လို့ ဂယ်ရီနဗီးက ပြောခဲ့တာကို ကျနော် ကြားမိတယ်။
ဒါပေမယ့် ကျနော်ကတော့ ဒီတလော ပွဲ နည်းနည်းလောက် အာဆင်နယ် ခြေချော်ခဲ့တာနဲ့ အဲဒီလောက် ပြောရမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ထင်တယ်။ သူတို့ ချန်ပီယံ မဖြစ်ခဲ့ရင်တော့ သူတို့က သူတို့ ရမယ့် ဖလားကို ကိုယ်တိုင် လွှင့်ပစ်မိသလို ခံစားရပါလိမ့်မယ်။
လီဗာပူး ကို သရေကျတာ လက်ခံလို့ရတယ်။ အန်းဖီးမှာ တစ်မှတ် ရတယ် ဆိုတာ ကောင်းမွန်တဲ့ ရလဒ်ပဲ။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်ကို မနိုင်ခဲ့တာက သူတို့ကို ပြန်ပြီး ခြောက်လှန့်နေပါတော့မယ်။ ဒါပေမယ့် အခုကနေ ဘယ်လို ရလဒ်တွေပဲ ထွက်လာလာ ကျနော်ကတော့ အာဆင်နယ် လုပ်ဆောင်ပြခဲ့တာတွေကို အထင်ကြီးမိပြီးသားပါ။ ” လို့ ရွန်းနီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
