အာဆင်နယ်ဟာ နောက်ဆုံး ၃ ပွဲဆက် သရေကျထားတာကြောင့် ရမှတ်တွေ ထိခိုက်နေပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးဟာ ၎င်းတို့ လက်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။
အမှတ်ပေးဇယားမှာ မန်စီးတီးကို ပြတ်ပြတ်သားသား ကျော်ဖြတ်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် လီဗာပူးနဲ့ ဝက်စ်ဟမ်းပွဲတွေမှာ ၂ ဂိုးပြတ် အနိုင်ယူပြီးမှ အပြတ် မဖြတ်နိုင်ဘဲ ၂-၂ သရေရလဒ်တွေ ပြန်ခွင့်ပြုခဲ့ရတာပါ။ ဒါ့အပြင် အိမ်ကွင်းမှာ ဆောက်သမ်တန်ကို နောက်ကနေ လိုက်ကစားပြီး ၃-၃ ရလဒ် ထွက်ခဲ့တာက အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်ကို အထိနာစေခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၆ ပွဲ ကစားဖို့ ရှိနေပြီး မန်စီးတီးက လက်ကျန် ၈ ပွဲ ကျန်ရှိနေပါတယ်။ ဒီအချိန်မှာ အာဆင်နယ်က မန်စီးတီးကို ၅ မှတ်ဖြတ် ဦးဆောင်ထားတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်ပွဲတွေကို ကြည့်စရာ မလိုဘဲ ရမှတ် ၉၄ မှတ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပါလိမ့်မယ်။ အကယ်လို့ အာဆင်နယ်နဲ့ပွဲကို သရေကျပြီး လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရမယ်ဆိုရင်လည်း ရမှတ် ၉၂ မှတ်ဖြင့် ချန်ပီယံဖြစ်ဦးမှာပါ။
အာဆင်နယ်ကတော့ မန်စီးတီးပွဲကို သရေကျပြီး လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရမယ်ဆိုရင် ၉၁ မှတ်ပဲရမှာဖြစ်လို့ ဒုတိယနေရာနဲ့ ရာသီသိမ်းရပါမယ်။ ဒါကြောင့် ချန်ပီယံဖြစ်လိုတယ် ဆိုရင် မန်စီးတီးပွဲ အပါအဝင် လက်ကျန် ၆ ပွဲလုံးကို အနိုင်ယူပြီး စုစုပေါင်း ရမှတ် ၉၃ မှတ်ထိ ရနိုင်ရမှာ ဖြစ်ပါတယ်။
နှစ်သင်းလုံးဟာ ခက်ခဲတဲ့ ပွဲစဉ်တွေ ကျန်ရှိနေဦးမယ်ဆိုပေမယ့် ဒီကရှေ့ လုံးဝ အမှတ်လျော့ခံကြတော့မှာ မဟုတ်ပါဘူး။ ဒီကြားရက် အီသီဟက်ကပွဲဟာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး အာဆင်နယ်က အနိုင်ရဖို့ လိုအပ်ပေမယ့် အနည်းဆုံး မရှုံးအောင် ကစားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။
