ဆောက်သမ်တန်ကို ၃-၃ သရေကျတဲ့ပွဲမှာ သွင်းဂိုးတွေရခဲ့ကြတဲ့ မာတင်နယ်လီနဲ့ ဆာကာတို့ဟာ ပရီးမီးယားလိဂ် အကျော်အမော်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရွန်းနီတို့ရဲ့ စံချိန်ကောင်းကို လိုက်မှီခဲ့ကြပါပြီ။
ဆာကာရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းခဲ့တဲ့ မာတင်နယ်လီဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ တွဲဘက် တိုက်စစ်မှူး ဆာကာကလည်း သွင်းဂိုး ၁ ဂိုး ရခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်နိုင်ခဲ့တာပါ။
၂၀၀၆-၂၀၀၇ ဘောလုံးရာသီမှာ ယူနိုက်တက် တိုက်စစ်သမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရွန်းနီ နှစ်ဦးလုံးဟာ သွင်းဂိုး ၂၀ အတွက် ကိုယ်စီ ပါဝင်ပတ်သက်နိုင်ခဲ့ကြတာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဲ့လို လုပ်နိုင်တဲ့ ပထမဆုံးသော အသက် ၂၁ နှစ်အောက် တိုက်စစ်အတွဲ ဆိုတဲ့ စံချိန်ကောင်းကို ရရှိခဲ့ပါတယ်။

ဘောလုံးရာသီ ဆယ်စုနှစ် ၂ ခုလောက် အကြာ ဒီရာသီမှာတော့ ဆာကာတို့ အတွဲက ဒုတိယမြောက် လုပ်ဆောင်နိုင်တဲ့ ၂၁ နှစ်အောက် တိုက်စစ်အတွဲ ဖြစ်လာပါတယ်။
အာဆင်နယ်ဟာ ပထမပိုင်းမှာ ၂-၁ ဖြင့် အရေးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ ၃-၁ ရလဒ်ထိ ကျဆင်းခဲ့ပေမယ့် မိနစ် ၉၀ တဝိုက်မှာ မယုံနိုင်စရာ စွမ်းဆောင်ရည်နဲ့ comeback တစ်ခု လုပ်ပြနိုင်ခဲ့ပါတယ်။ လက်တလောမှာ အာဆင်နယ်ဟာ ၂ ပွဲပိုကစားပြီး ဒုတိယနေရာက မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
လာမယ့်အပတ် ကြားရက်မှာ မန်စီးတီးကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားပြီး ဆာကာနဲ့ မာတင်နယ်လီတို့ သွင်းဂိုးတွေ ရယူခြင်းနဲ့အတူ အာဆင်နယ်အတွက် နိုင်ပွဲ ရယူပေးနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် ဆုဖလားဟာ လန်ဒန်ကို ရောက်ရှိသွားဖို့ အခွင့်အရေး ရှိနေဆဲပဲ ဖြစ်ပါတယ်။
