ချယ်ဆီးအသင်း ပိုင်ရှင်သစ်ဟာ ကြီးမားတဲ့ အပြောင်းအရွှေ့ သုံးဖြုန်းမှုတွေကို မြန်မြန်လုပ်လိုက်တာက အမှားကျူးလွန်လိုက်တာပဲလို့ ပရီးမီးယားလိဂ် မန်နေဂျာဟောင်း ဝင်းဂါးက ယုံကြည်နေပါတယ်။
ချယ်ဆီးဟာ ဇန်နဝါရီမှာ အသုံးစရိတ် ပေါင် ၃၂၃ သန်း အသုံးပြုပြီး ကစားသမားသစ် ၈ ဦး ခေါ်ယူခြင်း အပါအဝင် ဒီရာသီမှာ အပြောင်းအရွှေ့ အတွက် ပေါင် သန်း ၅၀၀ ကျော် သုံးစွဲခဲ့ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ ခေါ်ယူခြင်းတွေရဲ့ အကျိုးဆက်ဟာ လာမယ့်ရာသီတွေမှာ စတင် ရင်ဆိုင်ရတော့မှာပါ။
” ကျွန်တော် ချယ်ဆီးအတွက် စိုးရိမ်မိပါတယ်။ ဥက္ကဌ အသစ် ရောက်လာပြီး ငွေအများကြီး ရင်းနှီးမြုပ်နှံလိုက်တာ သဘောကျပါတယ်။ ငါးနှစ်နေလို့ ပေါင် သန်း၁၀၀ သုံးတာထက် သန်း ၅၀၀ ရင်းနှီးမြုပ်နှံပေးတဲ့လူကို ပိုကြိုက်ကြပါတယ်။ ဒါပေမယ့် အဲ့သန်း ၅၀၀ ကို ကောင်းကောင်းမစီမံနိုင်ရင် အနာဂတ်အတွက် ပြဿနာရှိသွားပြီ။
သူတို့က ရင်းနှီးမြုပ်နှံမှုကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ အဲ့ဒါကြောင့် အရင်ကလို အားနည်းချက်တွေ ရှိနေတုန်းပဲ။ ဂိုးတွေ လုံလုံလောက်လောက် မသွင်းနိုင်ဘူး။ ဘောလုံးပိုင်ဆိုင်မှု အများကြီးရပေမယ့် ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီး မပြောင်းလဲနိုင်ဘူး။
ကစားသမားတွေကို ၈နှစ် စာချုပ်နဲ့ခေါ်တာ FFP အတွက်ကောင်းပါတယ်။ ပြောင်းရွှေ့ကြေးကို ၈နှစ် ခွဲပေးလို့ရတာကိုး။ ဒါပေမယ့် အဲ့ကစားသမားက အံမကိုက်ဘူးဆိုရင် အနာဂတ်မှာ အဲ့ဒါက ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမယ်။ ကြီးမားတဲ့ အရဲစွန့်မှုတခုပဲ ” လို့ ဝင်းဝါးက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ မကြာခင်မှာ FFP နဲ့ ညိစွန်းခြင်း မရှိဖို့ ကစားသမားတွေကို စတင် ရောင်းချရတော့မှာဖြစ်ပြီး မေဆန်မောင့်၊ ပူလီဆစ်၊ ဇီယက်ချ် အပါအဝင် များစွာသော ကြယ်ပွင့်တွေဟာ စတမ်းဖိုဒ့်ဘရစ်ကနေ ထွက်ခွာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
