ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရာမှာ နောက်ကျသွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပေမယ့် အာဆင်နယ်ဟာ သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်ဘက်က ခပ်စောစာ အဖွင့်ဂိုး ရခဲ့ခြင်းက အာဆင်နယ်ကို ရုန်းကန်ရစေခဲ့တယ်။ ၃-၁ ရလဒ်ကို ၈၈ မိနစ်နဲ့ မိနစ် ၉၀ တွေမှာ ခြေပဂိုး ၂ ဂိုး ရယူပြီး အနည်းဆုံး သရေတစ်မှတ် ရယူခဲ့တယ်ဆိုပေမယ့် အာဆင်နယ်ဟာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါပြီ။
လက်ရှိ အမှတ်ပေးဇယားမှာ ၂ ပွဲပိုကစားထားတဲ့ အာဆင်နယ်ဟာ အီသီဟက်မှာ မန်စီးတီးကို အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာရေး စိန်ခေါ်နိုင်နေဆဲ ဖြစ်ပါတယ်။ အာတီတာ ကိုယ်တိုင်ကလည်း ဒီလိုဖြစ်လာမယ် မျှော်လင့်ထားပါတယ်။
‘ ဟုတ်ပါတယ်။ မန်စီးတီးကို အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်နေဆဲပါ။ ကျနော်ကတော့ ယုံကြည်ချက်ရှိပါတယ်။ ဒီနေ့ပွဲက ကျနော်တို့ ကိုယ်တွင်နိုင်စွမ်းရှိတာကို ပြသခဲ့တဲ့ ဥပမာကောင်းပါပဲ။ မတူညီတဲ့ ပြိုင်ဘက်ကို တုန့်ပြန်နိုင်ကြောင်း ပြသခဲ့တယ်။

အသင်းရဲ့ စိတ်ဓါတ်ပိုင်းက မယုံနိုင်စရာဖြစ်ပြီး သူတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားဦးမှာပါ။ ပွဲတွေကို ယှဉ်ပြိုင်ကစားဖို့ မစောင့်နိုင်အောင်ပါပဲ။ အရာရာတိုင်းအတွက် လောင်းကြေးထပ်ထားရတာမို့ အဲ့ကိုသွားပြီး အနိုင်ယူရမယ်။ အဲ့အတွက် ပြင်ဆင်ထားရမှာ သေချာပါတယ်။
ဒါက ဒီအားကစားရဲ့ အလှတရားပါပဲ။ ဒီအခြေအနေမျိုးကို စောင့်နေရတာပါ။ မန်ချက်စတာကို သွားရမယ့် သိပ်ကောင်းတဲ့ ခရီးစဉ်ရှိတယ်။ ကျနော်တို့ အကောင်းဆုံး ပြင်ဆင်မှာပါ ’ လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
