စက်တင်ဘာတုန်းက ဝက်စ်ဟမ်းကို ချယ်ဆီးတို့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ထိုစဉ်နည်းပြ သောမတ်စ်တူချယ်ဟာ အသင်းပိုင်ရှင် တော့ဒ်ဘိုးလီကို အဝတ်လဲခန်းထဲ ပေးဝင်ဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတလော ချယ်ဆီးအသင်း ခြေစွမ်းပိုင်း အတော်လေး ရုန်းကန်နေရတာနဲ့အတူ အသင်းအဝတ်လဲခန်းထဲ မကြာခဏ လာလည်တတ်တဲ့ အသင်းပိုင်ရှင် တော့ဒ်ဘိုးလီဟာ တူချယ် လက်ထက်တုန်းကတည်းက အဲ့လိုလုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ကြောင်း Goal က ဖော်ပြလာပါတယ်။
ဒါပေမယ့် ဖြစ်ရပ်တွေက မတူညီပါဘူး။ ဘာလို့လဲဆိုတော့ ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲချိန်တဝက်မှာ တော့ဒ်ဘိုးလီက အဝတ်လဲခန်းထဲလာဖို့ ကြိုးစားတာကို မကျေမနပ် ဖြစ်နေတဲ့ နည်းပြတူချယ်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်၊။
ပွဲချိန်တဝက်မှာ ဘိုးလီဟာ ကလေးတွေ အပါအဝင် ဧည့်သည်အဖွဲ့ကို လမ်းညွှန်ကာ လိုက်လံပြသချင်ခဲ့တာဖြစ်ပေမယ့် သူ့တောင်းဆိုမှုကို တူချယ်က ငြင်းပယ်လိုက်တာကြောင့် ပိုင်ရှင်ဖြစ်သူက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတာပါ။
ခက်ခဲတဲ့ ရာသီအစဟာ နည်းပြအတွက် အသင်းပိုင်ရှင်သစ်တွေနဲ့ အဖုအထစ် ဖြစ်စေခဲ့သလို ဒီကိစ္စဟာ သူ့အတွက် မျက်နှာသာမရတဲ့ အကြောင်းရင်း ဖြစ်သွားခဲ့ပြီး နောက်တပွဲအကြာမှာပဲ ထုတ်ပယ်ခံလိုက်ရပြီးတော့ ပေါ်တာနဲ့ အစားထိုးခံလိုက်ရတာ ဖြစ်ပါတယ်။
အဲ့နောက်ပိုင်း အဖြစ်တွေဟာ ကလပ်ကို ပိုလို့သာ ကျဆင်းသွားစေခဲ့ပြီး ကစားသမား များစွာနဲ့ အစုအဖွဲ့ကို အဆင်ပြေအောင် မကိုင်တွယ်နိူင်ခဲ့တဲ့ ပေါ်တာလဲ ထုတ်ပယ်ခံခဲ့ရသလို ယာယီနည်းပြ လမ်းပတ်ဟာ ပထမဆုံးလေးပွဲမှာ နိုင်ပွဲပျောက်နေတာ ဖြစ်ပါတယ်၊။
ကလပ်ဟာ တနေရာရာကနေ ခြေစွမ်း ဦးမော့လာဖို့ အသည်းအသန် လိုအပ်နေတာနဲ့အတူ အခုချိန်မှာ ဘိုးလီဟာ အမြဲတမ်းလိုလို အဝတ်လဲခန်းထဲ ဝင်လာချင်နေပြီ အသင်းသားတွေကို လုံ့ဆော်စကားတွေ ပြောဆိုလိုနေပြီ ဖြစ်ပါတယ်။
