ဒီအပတ် မန်စီးတီးနဲ့ လီဗာပူး ထိပ်တိုက်တွေ့တဲ့ ပွဲအပါအဝင် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေအတွက် ဘီဘီစီမှ ဘောလုံးခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
မန်စီးတီး vs လီဗာပူး
ဒီပွဲမှာ မန်စီးတီးတို့ ခြေချော်လို့ မရသလို အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် လုံးဝ အရေးနိမ့်လို့ မရပါဘူး။ ဒီပွဲက သူတို့အတွက် နိုင်မှာကိုဖြစ်မယ့် ပွဲစဉ်ပါပဲ။ လီဗာပူးက တိုက်စစ်ကစားပြီး မန်စီးတီးကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားမှာပါ။ လီဗာပူးက မန်စီးတီးကို ပြဿနာတွေ ပေးနိုင်မှာဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ကို ကျနော် စိတ်ပူမိနေဆဲပါ။
လီဗာပူးရဲ့ ခံစစ်လိုင်း မြင့်မြင့်ကစားမှုဟာ ဒီရာသီမှာ မကြာခဏ ပြဿနာတွေ ရှိနေတယ်။ လီဗာပူးက တည်ငြိမ်ခြင်းလည်း ကင်းမဲ့တယ်။ သူတို့ကို ကျနော် မယုံပါဘူး။ ဒီပွဲမှာ စီးတီးက တောင့်တင်းလွန်းတယ်လို့ ထင်ပါတယ်။

အာဆင်နယ် vs လိစ်ဒ်ယူနိုက်တက်
ဒီရာသီ အကြိမ်အများကြီး ပြောခဲ့ပြီးပါပြီ လိဒ်စ်ယူနိုက်တက်က အရည်အချင်းရှိ ကစားသမား အချို့ကို ပိုင်ဆိုင်ထားပေမယ့် မိနစ် ၉၀ အတူတကွ တွဲမကစားနိုင်ပါဘူး။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ဝုဗ်ကို ၄-၂ နဲ့ အနိုင်ရတဲ့ပွဲမှာတော့ သူတို့ လုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲက အာဆင်နယ်အတွက် သူတို့ မျှော်လင့်ထားတဲ့အတိုင်း ခပ်လွယ်လွယ်ဖြစ်မယ့် ပွဲလို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် ဖေဖော်ဝါရီမှာ မန်စီးတီးကို အရေးနိမ့်ပြီးတဲ့နောက် အာဆင်နယ်ဟာ လိဂ်မှာ ၆ ပွဲဆက် မရှုံးထားပါဘူး။ သူတို့က အမြဲတမ်း ရလဒ်အတွက် နည်းလမ်းရှာနိုင်စွမ်း ရှိနေပါတယ်။
လိဒ်စ်က တက်ကြွစွာ ကစားမှာဖြစ်ပြီး အာဆင်နယ်မှာလည်း ဆာကာက အခုချိန် အကောင်းဆုံး ညာတောင်ပံသမားပါ။ ဂျေးဆုက လေ့ကျင့်ရေး အပြည့် ပြန်ဝင်ဖို့ နီးစပ်နေတယ်။ အာဆင်နယ်က အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်းရှိပြီး လိဒ်စ်အသင်းက သူတို့ကို ရပ်တန့်နိုင်မယ် မမြင်ပါဘူး။

ချယ်ဆီး vs အက်စတွန်ဗီလာ
အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာကို နားလည်မှု လွဲခဲ့တယ်လို့ ဝန်ခံရပါလိမ့်မယ်။ အောက်တိုဘာလ အကုန်တုန်းက ဂျရတ်နေရာမှာ သူအစားဝင်လာပြီးတည်းက အက်စတွန်ဗီလာဟာ တိုးတက်မှုတွေ ရှိလာနေခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ပွဲ ပြီးတည်းက အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်ကပဲ သူ့အသင်းထက် အမှတ်ပိုရထားပါတယ်။
ဒီအချက်အလက်က ကျနော်ကို အံ့ဩမိစေပါတယ်။ ဗီလာက အမြဲတမ်း အန္တရာယ်ကြီးတဲ့ ကလပ်ဖြစ်ပါတယ်။ သူတို့က ခြိမ်းခြောက်နိုင်တယ်၊ ကစားနိုင်စွမ်း ရှိပါတယ်။
ကျနော် ကိုယ်ဘာသာ မေးမိတာက ဘာလို့ ချယ်ဆီးကို ဆက်ယုံကြည်နေတာလဲ။ သူတို့က တကယ်အပြင်မှာထက် ကျနော်ရဲ့ ခန့်မှန်းတွေမှာ ပိုကောင်းနေတဲ့ အသင်းပါ။ ကျနော်ကို ခေါင်းမာတယ်ပဲ ပြောကြပါစေ ကျနော်ကတော့ ဒီပွဲမှာ ချယ်ဆီးကိုပဲ ရွေးဦးမှာပါ။ သူတို့က ပိုကောင်းတဲ့အသင်းလို့ ကျနော် ထင်ပါတယ်။

နယူးကာဆယ် vs မန်ယူနိုက်တက်
ဒီရာသီ မန်ယူနိုက်တက်နဲ့ ပက်သက်တဲ့ ခန့်မှန်းတွေ မကြာခဏ လွဲဖူးပါတယ်။ ဒါပေမယ့် အခုတလော သူတို့ရဲ့ စွမ်းဆောင်ရည်က အဲ့လောက်ကြီး ကောင်းနေတယ် မထင်ပါဘူး။ သူတို့ရဲ့ ရလဒ်က ဘာပဲဖြစ်နေနေပေါ့လေ။
အက်ဖ်အေဖလားမှာ ဖူလ်ဟမ်ကို အနိုင်ရလိုက်တာက သူတို့ ကံကောင်းပါတယ်။ အဲ့ပွဲတင် မဟုတ်ဘဲ ဒီတလောမှာ သူတို့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး။
စိန့်ဂျိမ်းပက်ကို သွားပြီး အဲရစ်တန်ဟက်ရဲ့ အသင်း အနိုင်ရသွားမယ်ဆိုရင် ကျနော် အံ့ဩမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲက ထိပ်ဆုံး ၄ သင်းနေရာအတွက် တိုက်ခိုက်နေတဲ့ ပွဲဖြစ်ပြီး ကျနော်က နယူးကာဆယ်ရဲ့ တိုးတက်လာမှုကို အထင်ကြီးပါတယ်။
နယူးကာဆယ်တို့ ကစားနေတဲ့ နည်းလမ်းကို သဘောကျတယ်။ သူတို့က ဂိုးတွေတော့ အမြဲတမ်း မရပေမယ့် အိုင်ဆက် ပြန်ပါလာကတည်းက သူတို့ အဆုံးသတ်ပိုင်း ကောင်းနေပါတယ်။ ဆွီဒင်တိုက်စစ်မှူးက ပွဲအဖြေကို ပြောင်းလဲပေးနိုင်ဦးမယ်လို့ ထင်ပါတယ်။

အဲဗာတန် vs တော်တင်ဟမ် စပါး
စပါးအသင်းက နည်းပြကွန်တီ မပါရင် ပိုကောင်းမလား အဖြေရှာရမှာပါ။ သူတို့က ကွန်တီရဲ့ နံပါတ် ၂ သမားဖြစ်တဲ့ စကိုလီနီနဲ့အတူ ရှေ့ဆက်မှာဖြစ်ပြီး အရမ်းကြီး ခြားနားစွာ ကောင်းမွန်လာမယ်တော့ မထင်ပါဘူး။ သူတို့ရဲ့ ခြေစွမ်း မတည်ငြိမ်မှုကြောင့် မှန်းဆရ ခက်ခဲပါတယ်။
ဆမ်ဒိုက် လက်ထက်မှာ အဲဗာတန်က အဝေးကွင်း သရေရလဒ်တွေ ရယူထားနိုင်တယ်။ သူတို့ရဲ့ နောက်ဆုံးပွဲမှာ ဘရန့်ဖိုဒ့်ကို ကောင်းကောင်း အနိုင်ယူထားနိုင်ပါတယ်။ အဲ့တုန်းက ပြင်းပြမှုတွေကို ပြသနိုင်ရင် ဒီပွဲမှာ သူတို့ နိုင်ဦးမှာပါ။

အခြားပွဲစဉ်များ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ
- Bournemouth 1-1 Fulham
- Nottingham Forest 0-1 Wolves
- Brighton 2-1 Brentford
- West Ham 1-1 Southampton
