ရော်နယ်ဒိုဟာ သူ့ရဲ့ ထာဝရအကြိုက်ဆုံး ကစားသမား ၁၁ ယောက်စာရင်းထဲမှာ ၂၀၂၂ ခုနှစ်ရဲ့ ဖီဖာ အကောင်းဆုံး ကစားသမားဆုရှင် မက်ဆီကို နေရာတစ်နေရာ ပေးပြီး ထည့်သွင်းခဲ့ပါတယ်။
၂၀၁၉ တုန်းက ဒီဆုကို ပထမဆုံး ရခဲ့ဖူးတဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကလပ်အသင်းဖော် အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ တို့ကို ကျော်ဖြတ်ပြီး နှစ်ကြိမ်မြောက် ဖီဖာ အကောင်းဆုံးဆုကို ရယူခဲ့တာပါ။
မက်ဆီဟာ ကာတာက ပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ၇ဂိုးသွင်းပြီး ကမ္ဘာ့ဖလား အောင်မြင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ သူဟာ အရှေ့အလယ်ပိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး အခုလည်း ပါရီမှာ ဖီဖာရဲ့ တစ်ဦးချင်း ထိပ်တန်းဆုတံဆိပ် ချီးမြှင့်ခံခဲ့ရတာပါ။
ဘရာဇီး ဂန္တဝင် ရော်နယ်ဒိုရဲ့ ထာဝရအကောင်းဆုံး ၁၁ ယောက်စာရင်းမှာ မက်ဆီ တစ်ဦးတည်းကပဲ မော်ဒန်ခေတ် ကစားသမားအဖြစ် ပါဝင်ထားပါတယ်။ ဒိုကြီးလို့ လူသိများတဲ့ ရော်နယ်ဒိုရဲ့ အကောင်းဆုံး အသင်းမှာတော့ ကလပ်သွင်းဂိုး ၇၀၀ ကျော်သွင်းယူခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတောင် ပါဝင်ခြင်း မရှိပါဘူး။
စီရော်နယ်ဒိုဟာ ဘလွန်းဒေါလ်ဆု ၅ ကြိမ် ရခဲ့ဖူးပေမယ့် ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုက ၎င်းကို လျစ်လျူရှုခဲ့ပြီး အကောင်းဆုံး အသင်းရဲ့ တိုက်စစ်မှာ ရော်နယ်ဒင်ညို၊ ပီလီနဲ့ သူ့ကိုယ်သူ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မက်ဆီကို မာရာဒိုနာနဲ့ ဇီကိုတို့နဲ့အတူ ကွင်းလယ်မှာ ရွေးချယ်ခဲ့ကာ နိုင်ငံအသင်းမှာ အတူတွဲကစားခဲ့တဲ့ ကာဖူးနဲ့ ကားလို့စ်တို့ကို အစွန်တွေမှာ ထည့်ခဲ့ပါတယ်။ ဗဟိုခံစစ်မှူး နှစ်နေရာမှာ ဂန္တဝင်ကြီးတွေဖြစ်တဲ့ ဘက်ကန်ဘောင်ဝါနဲ့ ပေါ်လို မယ်ဒီနီတို့ ဖြစ်ပြီး ဂိုးသမားကတော့ ဘူဖွန်ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အကောင်းဆုံး ၁၁ ယောက် အသင်း
ဂိုး – ဘူဖွန်
နောက်တန်း – ကာဖူး၊ ဘက်ကန်ဘောင်ဝါ၊ မယ်ဒီနီ၊ ကားလို့စ်
အလယ်တန်း – ဇီကို၊ မာရာဒိုနာ
ရှေ့တန်း – မက်ဆီ၊ ရော်နယ်ဒို(ဘရာဇီး)၊ ပီလီ၊ ရော်နယ်ဒင်ညို
