ဒီကနေ့ည နျူးကမ့်မှာ ယှဉ်ပြိုင်ကစားကြမယ့် ယူရိုပါလိဂ် play-off ပွဲကြီးပွဲကောင်းဖြစ်တဲ့ ဘာစီလိုနာ vs မန်ယူနိုက်တက် ပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း အဂွယ်ရိုက ပွဲကြို ခန့်မှန်းမှု ပြုလုပ်သွားပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၃ နေရာမှာ ရှိနေတာဖြစ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်ကို အနောက်ကနေ လိုက်လံ ဖိအားပေးနေတာပါ။ ပြိုင်ဘက် ဘာစီလိုနာက ဆိုရင် လာလီဂါဇယားထိပ်မှာ ရှိနေကာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၈ မှတ် ဖြတ်ထားနိုင်ပါတယ်။
ဒီည ပလေးအော့ဖ်အဆင့် ပထမအကျော့ ပွဲကို အနိုင်ရတဲ့အသင်းက ရှုံးထွက်အဆင့် တက်ရောက်ဖို့ အခွင့်အရေး ပိုကောင်းမယ် ဆိုပေမယ့် အပြီးသတ် ရလဒ်ကိုတော့ နှစ်ကျော့အပြီးမှ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နှစ်သင်းလုံးက အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီး စိတ်ဓါတ်ပိုင်းအရ အမြင့်ဆုံး အခြေအနေမှာ ထိပ်တိုက်လာတွေ့နေကြခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲအတွက် မန်စီးတီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း အဂွယ်ရိုက အခုလို ခန့်မှန်းသွားပါတယ်။
အဂွယ်ရိုက “ လာလီဂါမှာ ပြသနေတဲ့ ပုံစံကောင်းတွေအရ ဘာစီလိုနာက တောင့်တင်းတဲ့အသင်း အဖြစ် သူတို့ကိုယ်သူတို့ တည်ဆောက်ထားနိုင်ပါတယ်။ သူတို့က ခြေစွမ်းပိုင်းမှာလည်း သိပ်ကို တည်ငြိမ်တဲ့ အနေအထား ဖြစ်နေပါတယ်။
ဘာစီလိုနာဟာ ခံစစ်ကို ကျစ်လျစ်အောင် တည်ဆောက်ထားနိုင်တယ်။ သူတို့ ခံစစ်က ဂိုးနည်းနည်းလေးပဲ ပေးထားရတာပါ။ ပြီးတော့ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းမှာ ဆိုရင် အရည်အချင်းရှိပြီး လျှင်မြန်တဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းကို ပြန်ရောက်လာခဲ့ပြီး အတိတ်က မတည်ငြိမ်မှုတွေကို ချန်ထားနိုင်နေပါတယ်။ ဒီပွဲက သေချာပေါက် ကြည့်သင့်တဲ့ ပွဲကောင်းတစ်ပွဲပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာစီလိုနာ အနိုင်ရဖို့ မျှော်လင့်ထားပါတယ် ” လို့ ခန့်မှန်းပေးခဲ့တာ ဖြစ်ပါတယ်။
