မန်စီးတီးနဲ့ စပါးတို့ဟာ ဒီနေ့မှာ ၁၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံကြမှာပါ။ ဒီပွဲနဲ့ ပက်သက်လို့ ဂန်းနားဟောင်းကြီး မာတင် ကီယွန်က နည်းစနစ်ပိုင်း အမြင်အဖြစ် ဒေးလီးမေလ်းကနေ အခုလို ရေးသားသွားပါတယ်။
” ပြီးခဲ့တဲ့ပွဲမှာ စပါးဟာ ၂-၀ နဲ့ ဦးဆောင်ခဲ့ပေမယ့် အထင်ကြီးစရာ ဒုတိယပိုင်း ခြေစွမ်းနဲ့အတူ စီးတီးက ၄-၂ နဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကလို ဖြစ်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ရင်ဆိုင်ပွဲကို ကြည့်ရပါလိမ့်မယ်။
ဂွာဒီယိုလာက သူ့လိုမျိုး အောင်မြင်မှုကို စွဲလမ်းလွန်းတဲ့ တစ်ဦးချင်း အသင်းသားတွေကို လိုချင်ပါတယ်။ သူ့အသင်းမှာ လိုက်လျောညီထွေ မဖြစ်ဘဲ သူနဲ့ အဆင်မပြေဘူးဆိုရင် ကန်ဆယ်လို လိုပဲ အငှားချခံလိုက်ရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ ၁၈ နှစ်သား ရီကိုလီဝစ် အကြောင်းကို အဓိက ပြောချင်ပါတယ်။
ဂွာဒီယိုလာက ပွဲထဲမှာ ဘာဖြစ်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို အမြဲတမ်း တွန်းအားပေးသလို ကစားသမားတွေကို ပွဲမှာ အနိုင်ရစေမယ့် နည်းလမ်းနဲ့ နေရာချပေးနိုင်တယ်။
စပါးနဲ့ပွဲမှာ ဂွာဒီယိုလာဟာ နောက်ခံလူတွေကို ကွင်းလယ်အထိ ရှေ့တက်ပြီး တွန်းကစားစေခဲ့တာပါ။ လီဝစ်ကလည်း ဂွာဒီယိုလာ ပြောတဲ့အတိုင်း လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် စီးတီးဟာ စပါးရဲ့ နှစ်ယောက်သာရှိတဲ့ ကွင်းလယ်ကို အသာစီးရရှိခဲ့ပြီး ဂန်ဒိုဂမ်က တိုက်စစ်ကို လွတ်လွတ်လပ်လပ် ပင့်တင်ပေးခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားပုံတိုးတက်လာအောင် အကူအညီပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လီဝစ်က ကွင်းလယ်ထိ တက်နေတုန်းပါပဲ။ သူက မာရက်ဇ်ကို ကူညီပေးဖို့ အစွန်နေရာတွေကိုပါ ရယူခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ စတိုင်မှာ အံဝင်ဖို့ရာ လီဝစ်က အကယ်ဒမီက ကောင်လေးတွေအတွက် ဥပမာကောင်းပါပဲ။
ဟာလန်းက အားပြင်းတဲ့ ဖြတ်တင်ပေးပို့မှုကို နှစ်သက်တယ်။ ဒီဘရိုင်းက တောင်ပံ နှစ်ဖက်လုံးကနေ အဲ့ဒီ့လိုပေးပို့မှုတွေကို ပံ့ပိုးပေးနိုင်တယ်။ ဒါပေမယ့် စီးတီးရဲ့ တောင်ပံလူတွေက အတွင်းထဲ ချိုးဝင်ပြီး သူတို့ပိုသန်တဲ့ ခြေထောက်နဲ့ ပြင်းထန်တဲ့ ဖြတ်တင်ဘောတွေ ကစားရတာ ပိုပြီး သက်တောင့်သက်သာဖြစ်ကြပါတယ်။
မာရက်ဇ်က ဘယ်ခြေနဲ့ကန်တယ်၊ ဂျက်ဂရီးလစ်ရှ်က ညာခြေနဲ့ကန်တယ်။ ဒါတွေက ဟာလန်းဆီ ရောက်မနေခဲ့ပါဘူး။ ဂွာဒီယိုလာက ပြီးပြည့်စုံတဲ့ ဖော်မြူလာကို ရှာဖွေနေတုန်းပါ။ ဒါပေမယ့် သူ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုရှိနေတုန်းပါပဲ။
စီးတီးက စပါးကို နောက်ဆုံး အဝေးကွင်း ၄ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒီနေ့ပွဲကို နိုင်ရင် အာဆင်နယ်ကို သတိပေးသလို ဖြစ်စေပါလိမ့်မယ်။
ကွန်တီက နွေရာသီမှာ ကောင်းကောင်း ငွေသုံးခဲ့တာကြောင့် ဒီနှစ်တွေအတွင်း အတောင့်တင်းဆုံး စပါးအသင်းကို မြင်နေရတာလို့ ထင်ရပါတယ်။ သူတို့တွေ ထိပ်ဆုံးလေးသင်းထဲ ဝင်ပြီး ဖလားတစ်လုံးလောက်တော့ ရယူနိုင်မယ် ကျွန်တော် ထင်နေတုန်းပါ။
ကွန်တီက ဇန်နဝါရီမှာ သူ့ရဲ့ တန်ပြန်တိုက်စစ် ကစားပုံအတွက် အဓိကကျမယ့် တောင်ပံ-အစွန် သမားတွေကို ပိုပြီး အားဖြည့်ဖို ကြိုးစားခဲ့ပါတယ်။ စပို့တင်းကနေ ပက်ဒရို ပေါ်ရိုကို အငှားနဲ့ခေါ်ယူခဲ့တယ်။ ပေါ်ရိုက ညာခြမ်းမှာ ကစားမှာဖြစ်ပြီး ပါရီဆစ်က ဘယ်ခြမ်းမှာ ကစားပါလိမ့်မယ်။ အရံအနေနဲ့ အီမာဆန် ရွိုင်ယန်နဲ့ ဆက်ဆက်နွန် ရှိပါတယ်။
ကွန်တီက သူလိုချင်တဲ့ အရှိန်အဟုန်နဲ့ ကျယ်ပြန့်မှုကို တောင်ပံနောက်ခံလူတွေဆီက ရဖို့ မျှော်လင့်နေမှာပါ။ ကူလူဆဗ်စကီးနဲ့ ဆွန်ယောင်မင်တို့က အတွင်းထဲကနေ ကြောက်စရာကောင်းတဲ့ အားပြင်းတဲ့ ဘောတွေနဲ့အတူ ဟယ်ရီကိန်းကို ပံ့ပိုးပေးပါလိမ့်မယ်။
ဒီပွဲမှာ ကိန်း ကြမ်းပါလိမ့်မယ်။ သူက ဟာလန်းပြီးရင် ဒုတိယမြောက် ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ပြီး ၂၀၂၁ တုန်းက သူကိုယ်တိုင် ပြောင်းရွှေ့ချင်ခဲ့တဲ့ စီးတီးအသင်းမှာ လူသစ်ကောင်လေးက အမြင့်ပျံသန်းနေတာကို ကြည့်မြင်ခဲ့ရတာပါ။
ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်နှစ်ယောက်ဟာ ဒီပွဲမှာ ထိပ်တိုက် တွေ့ကြမှာဖြစ်ပြီး ကိန်းဟာ ဒီလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူး ဖြစ်နိုင်သေးတယ်ကြောင်း အနည်းဆုံး မိနစ်၉၀လောက်တော့ ပြသချင်နေမှာဖြစ်ပါတယ်။ “
