ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှာ နောက်ထပ် ၃ သင်း ရှိသေးတယ်လို့ အာဆင်နယ်ကို အဂွယ်ရို သတိပေး

ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲက မပြီးဆုံးသေးဘူးလို့ တိုက်စစ်မှူးဟောင်း အဂွယ်ရိုက သတိပေးခဲ့ပြီး အာဆင်နယ်အပြင် ဒီရာသီမှာ အမှတ်ပေးဖလား အောင်မြင်နိုင်ခြေရှိတဲ့ တခြားအသင်းတွေကိုပါ ထုတ်ဖော်ခဲ့ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ တစ်ပွဲပို ကစားထားပေမယ့် ဂန်းနားတွေနောက် ၅မှတ် အကွာဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတာပါ။ အဆင့် ၃ နေရာက နယူးကာဆယ်ဟာ အာဆင်နယ်ရဲ့နောက် ၁၁ မှတ် ကွာဟနေတာပေမယ့် ဒီရာသီ လိဂ်ပွဲ ၂၀ မှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့တာပါ။

တန်ဟက်လက်အောက်မှ ပြန်လည်ရှင်သန်လာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က အဆင့်လေးဖြစ်ပြီး နယူးကာဆယ်နဲ့အတူ ၃၉မှတ် ရရှိထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးနဲ့ ပတ်သက်ပြီး အဂွယ်ရိုက “ အခုချိန်မှာ ဖလားရနိုင်တာက အာဆင်နယ်၊ စီးတီး ဒါမှမဟုတ် ယူနိုက်တက်လည်း ဖြစ်နိုင်ပါတယ်။ နယူးကာဆယ်ကိုလည်း ချန်ထားလို့ မရပါဘူး။ သူတို့က ပထမရာသီဝက်မှာ သိပ်ကောင်းခဲ့ပါတယ်။

မန်စီးတီးက ရေပန်းမစားဘူးလို့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ပါ။ ထိပ်တန်း ပြိုင်ဆိုင်သူတွေက လူစာရင်းတွေ ပြန်လည် ဖြည့်တင်းပြီး သူတို့ရဲ့ သမိုင်းဝင် အဆင့်အတန်းတွေဆီ ပြန်ရောက်သွားတာ မြင်ရတာက ပုံမှန်ပါပဲ။

အာဆင်နယ် ဒါမှမဟုတ် ယူနိုက်တက်ဟာ သူတို့ရဲ့ ပုံမှန်အဆင့်အတန်းကို ပြန်ရောက်လာဖို့ သိပ်ကြာတော့မှာ မဟုတ်ပါဘူး။ သူတို့နှစ်သင်းဟာ ဝင်းဂါးနဲ့ ဖာဂူဆန် လက်အောက် သိပ်ကို အောင်မြင်တဲ့ ကာလတွေအပြီး ရုန်းကန်ခဲ့ရတယ်။ အခု သူတို့ ပြန်ပြီး အားကောင်းလာပါပြီ။

စီးတီးက နောက်ဆုံး ပရီးမီးယားလိဂ် ၅ ကြိမ်မှာ ၄ကြိမ် အောင်မြင်ခဲ့တယ်။ သူတို့က တိုက်ပွဲထဲမှာ ရှိနေဆဲဖြစ်ပြီး ဘယ်လို ယှဉ်ပြိုင်ရမလဲ ကောင်းကောင်းသိပါတယ်။ ဒီနှစ်တွေအတွင်း စီးတီးနဲ့ လီဗာပူးရဲ့ ပြိုင်ဆိုင်မှုက ခြားနားချက် ပါးပါးလေးနဲ့ အဆုံးအဖြတ် ဖြစ်သွားခဲ့တာကို မေ့လို့ မရပါဘူး။ ဒီနေရာမှာ စီးတီးရဲ့ အတွေ့အကြုံက အရေးပါလာ ပါလိမ့်မယ်။

လိဂ်ဦးဆောင်သူ အာဆင်နယ်တွေဟာ သူတို့ကို ပြိုင်ဘက်က အနီးကပ် ဖိအားပေးနေတဲ့ ခံစားချက်ကို ဖယ်ရှားလို့ မရပါဘူး။ သူတို့က ပိုပြီး ငယ်ရွယ်တယ်။ ဖိအားကြီးတွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုလိမ့်မယ်။ လက်တလော သူတို့က ကြံ့ခိုင်သန်မာနေပြီး အသာရနေပေမယ့် နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရမှာပါ။

၂၀၁၂ မှာ စီးတီး ဖြစ်ပျက်ခဲ့တာက ဥပမာကောင်းပဲ။ ယူနိုက်တက်ရဲ့နောက် ၈မှတ် ကွာဟခဲ့ပေမယ့် နောက်ဆုံးမှာတော့ စီးတီးပဲ ဖလားကိုင်မြှောက်နိုင်ခဲ့တာပါ ” လို့ အဂွဲရိုးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။