ကမ္ဘာ့ဖလားကနေ ပြန်လာပြီးကတည်းက မားကပ်ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အတွက် လက်ဖျားခါလောက်စရာ ခြေစွမ်းပြသနေပါတယ်။
အသက် ၂၅နှစ်အရွယ် ကစားသမားဟာ ကမ္ဘာ့ဖလားအပြီး ၁၀ ပွဲကစား၊ ၁၀ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ သွင်းဂိုး ၁၈ဂိုးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ နည်းပြသစ် အဲရစ်တန်ဟက် လက်အောက်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြန်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာအကုန်မှာ ကလပ်ဘောလုံးရာသီ ပြန်စပြီးကတည်းက ရက်ဖို့ဒ်က ဂိုးသွင်းတိုင်း အောင်ပွဲခံပုံစံ အသစ်တစ်ခု လုပ်ပြခဲ့ပါတယ်။ ဒါတွေကို ဘောလုံးပရိသတ်တွေ မြင်တွေ့ခဲ့ရပြီးလောက်ပြီ ဆိုပေမယ့် အဲ့ဒါက ဘာအဓိပ္ပါယ်ရှိလဲ ဆိုတာကို စကိုင်းစပေါ့က ဖော်ပြမှုအား Sports Home Time ပရိသတ်တွေကို ပြန်မျှဝေလိုက်ပါတယ်။
စိတ်ကျန်းမာရေးကို ရည်ညွှန်းခြင်းလား

ရက်ဖို့ဒ်ဟာ ဂိုးတစ်ဂိုး သွင်းယူပြီးနောက် မတ်တပ်ရပ်၊ မျက်လုံးကို ပိတ်ထားရင်း နားထင်ကို လက်ညှိုးနဲ့ ထိုးပြတဲ့ပုံစံ လုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပုံစံနဲ့ အောင်ပွဲခံလဲဆိုတာကို မရှင်းပြခဲ့ပေမယ့် ဒါဟာ မနှစ်ကနဲ့ယှဉ်ရင် သူ့ခေါင်းထဲမှာ ပိုမိုရှင်းလင်းပြီး စိတ်ကြည်လင်အေးချမ်းနေတဲ့ သဘောကို ပြသနေတာ ဖြစ်ပါတယ်။
အောက်တိုဘာတုန်းက ရက်ဖို့ဒ်ဟာ သူ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပြီး “ကျွန်တော် တခါတလေ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခြေစွမ်းကြောင့် မဟုတ်ဘဲ ကွင်းပြင်ပက ကိစ္စတွေကြောင့်ပါ။
ဒါက မနှစ်ကရာသီနဲ့ အကြီးမားဆုံး ကွာခြားချက်ပဲ။ မနှစ်က ကျွန်တော်ဟာ ပွဲတွေကစားတဲ့အချိန် ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း မရှိနေခဲ့တာ အမြဲတမ်းလိုလိုပဲ။ ဖြစ်ပျက်ခဲ့တဲ့ တချို့အရာတွေကို မအံ့ဩနိုင်ခဲ့ပါဘူး ” လို့ ပြောပြခဲ့ပါတယ်။
သူ့ရဲ့ အောင်ပွဲခံပုံစံအသစ်ဟာ မှောင်မိုက်တဲ့အချိန်တွေကို ဖြတ်ကျော်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ တောင့်တင်းကြဖို့ ညွှန်းဆိုလိုတာ ဖြစ်နိုင်ပါတယ်။
တခြားသူတွေကိုပါ ကူးစက်စေတဲ့ အောင်ပွဲခံမှု

ရက်ဖို့ဒ်ရဲ့ အောင်ပွဲခံမှုနောက်ကွယ်က တိကျတဲ့အကြောင်းရင်းကို မသိရသေးပေမယ့် အဲ့ဒါဟာ ဘောလုံးလောကတင်မကပဲ တခြားအားကစားလောကက ပရော်ဖက်ရှင်နယ် ကစားသမားတွေကိုပါ ကူးစက်စေခဲ့တာပါ။
အာဆင်နယ် တောင်ပံသမား ဆာကာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် သူ့ခေါင်းကို လက်ညှိုးထိုးပြတဲ့ပုံစံ လုပ်ခဲ့ပါတယ်။ ဒါဟာ ယူရိုတုန်းက ရက်ဖိုဒ့်နည်းတူ စိတ်ဓါတ်ပိုင်း ထိုးနှက်ခံရတဲ့ ဆာကာကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကြောင်း ပြသလိုခြင်းလို့ နားလည်ရတယ်။
နယူးကာဆယ်က ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဆောက်သမ်တန်ကို အနိုင်ရတဲ့အချိန် ကွင်းလယ်လူ ဂျိုးလင်တန်ကလည်း အလားတူ အောင်ပွဲခံခဲ့တာပါ။
ဂျိုရှူဝါ ကင်မစ်ဟာ ကိုလုံးနဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် သရေတစ်မှတ်ရစေခဲ့တဲ့ မိနစ် ၉၀ သွင်းဂိုးအပြီး အလားတူပုံစံ လုပ်ခဲ့ပါသေးတယ်။ တခြားအနေနဲ့ အင်္ဂလန် ခရစ်ကတ်ကစားသမား ဂျိုဖရာ အာချာဟာ တောင်အာဖရိကရဲ့ SA20 ပြိုင်ပွဲမှာ ခေါင်းကို လက်ညှိုးထိုးပြပြီး မျက်လုံးမှိတ်ထားတဲ့ပုံစံ လုပ်ခဲ့ပါတယ်။
ဒီအပြုအမှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို ဗြိတိန်သတင်းဌာနတွေက ရှာဖွေနေကြပေမယ့် လက်တလောမှာတော့ ကစားသမားတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာ တစ်ခုခုကို ပြသလိုခြင်းလို့ နားလည်နေကြတာ ဖြစ်ပါတယ်။
