ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ် ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေ ထွက်လာပါပြီ။
လီဗာပူး v လက်စတာ
ကိုဒီ ဂတ်ပို က လီဗာပူး အတွက် အကောင်းဆုံး ခေါ်ယူမှု တစ်ခုပါ။ သူက လီဗာပူး တိုက်စစ်မှာ ဘယ်လောက် အံ့ဝင်ပြီး အစွမ်းပြလာမလဲ ကျနော် ကြည့်ရဖို့ စောင့်မျှော်နေပါပြီ။
ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ လီဗာပူးတို့ ခြေချော်မယ် လို့ ကျနော် ထင်ခဲ့တာ မှားသွားတယ်။ ဗီလာက အခွင့် ကောင်း တချို့ လုပ်နိုင်ခဲ့ပေမယ့် အဆုံးမှာ လီဗာပူးကပဲ သက်တောင့်သက်သာ နိုင်သွားခဲ့တယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းက နှစ်သစ်မှာ ထိပ်သီး လေးသင်းထဲ ဝင်ဖို့ တွန်းပြီး ကြိုးစားလာလိမ့်မယ်။ ဒီတော့ ၂၀၂၂ ကို သူတို့ အနိုင်နဲ့ ပိတ်သိမ်းနိုင်မယ် လို့ ကျနော် ထင်တယ်။
ဂျိမ်းစ် မက်ဒီဆင် ရဲ့ ဒူးဒဏ်ရာက လက်စတာ အတွက် စိုးရိမ်စရာပါ။ ဒါပေမယ့် သူတို့ အန်းဖီးမှာ တစ်ဂိုးတော့ ရမှာပဲ။ လီဗာပူးကသာ ဂိုးပိုသွင်းသွားမှာ။
ဝုဗ် v မန်ချက်စတာ ယူနိုက်တက်
ဒီပွဲက မှန်းရ နည်းနည်း ခက်တဲ့ ပွဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝုဗ် က လိုပတ်တီဂူရဲ့ ပွဲဦးထွက်မှာ အဲဗာတန် ကို နိုင်ခဲ့တာကြောင့် ယုံကြည်မှု ပြည့်နေပါလိမ့်မယ်။ သူတို့က မန်ချက်စတာ ယူနိုက်တက် ကိုလည်း တကယ် အနိုင် ကန်ဖို့ ကြိုးစားမှာပဲ။ ဒါပေမယ့် အဲရစ်တန်ဟက် အသင်းကလည်း တိုးတက်မှုကောင်းတွေ ရှိနေပြီး ဝုဗ်ကို ကိုင်တွယ်နိုင်မှာပါ။
ယူနိုက်တက်က နော့တင်ဟမ် ဖောရက်စ် ကို နိုင်တဲ့ ပွဲမှာ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ သူတို့က တန်ဟက် ကစားစေချင် သလို ကစားနိုင်တာကို စပြီး မြင်လာရတယ်။ ဘယ်သူကမှ ခရစ္စတီယာနို ရော်နယ်ဒို အကြောင်းကို ထည့် မပြောနေတော့တာ၊ သူပါတာနဲ့ မပါတာ ဘယ်ဟာက ပိုကောင်းလဲ ဆိုပြီး ပြောမနေကြတော့တာက လည်း အကျိုးဖြစ်လာတယ်။
ကလပ် အသင်းအတွက် နည်းနည်း စောနေပေမယ့် ရော်နယ်ဒိုက ထွက်ခွာသွားပြီးပြီ၊ အသင်းကလည်း ပိုပြီး ဟန်ချက် ညီလာပြီ။ ဒီအသင်းက သူတို့ဟန်နဲ့ ကစားနေတာကို စပြီး တွေ့နေရပါပြီ။
မန်စီးတီး v အဲဗာတန်
ကျနေ်ာ အဲဗာတန် အတွက် တကယ်ပဲ စိုးရိမ်မိပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ သူတို့ တစ်ပွဲပဲ နိုင်ထားပါတယ်။ ဒီလို အချိန်မှာ စီးတီးကို အီတီဟက်မှာ သွား ရင်ဆိုင်ရမှာက သူတို့ မလိုချင်ဆုံး ကိစ္စပဲ ဖြစ်မှာပါ။
ဒီပွဲကို ဖရန့်လမ်းပတ်က ဘယ်လို ချဉ်းကပ်မလဲ? သူတို့ကတော့ ကြာနိုင်သမျှ ကြာကြာ ဂိုးမပေးရအောင် ထိန်းဖို့ပဲ လုပ်ရမှာပါ။ စောစောသာ ဂိုးပေးလိုက်ရရင် သူတို့ ကပ်ဆိုက်သလို ဖြစ်သွားမယ်။
မန်ချက်စတာ စီးတီး အတွက် တစ်ခုတည်းသော မေးခွန်း ထုတ်စရာက ဘယ်သူ ကစားမှာလဲ ဆိုတာဲ။ ပက် ကတော့ ဖန်တက်စီ ကစားတဲ့ သူတွေကို သီတင်းပတ်တိုင်း စိတ်ပျက်စရာတွေ ပေးနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူ ပွဲထွက်လာမလဲ ဆိုတာ မှန်းမရအောင် ဖြစ်နေလို့ပါ။
အဲဗာတန်နဲ့ ပွဲ အတွက် ပက်ဂွာဒီယိုလာက အသင်းကို အများကြီး အပြောင်းအလဲ လုပ်မယ်လို့တော့ မထင်ဘူး။ မန်စီးတီးက သူတို့ကို အပြတ် ချေမှုန်းနိုင်စွမ်း ရှိတယ်လေ။
ဘရိုက်တန် v အာဆင်နယ်
ဘယ်လိုပွဲမျိုးများ ဖြစ်သွားလေမလဲ။ အာဆင်နယ်က ဘရိုက်တန်ကွင်းထံ သွားပြီး အနိုင်ရခဲ့မယ်ဆိုရင် ဒါက သူတို့ ပရီးမီးယားလိဂ် ဖလားကို အနိုင်ယူဖို့ အစွမ်းကုန် ကြိုးစားသွားတော့မယ်ဆိုတဲ့ အမှတ်အသား ဖြစ်လာလိမ့်မယ်။
ဂန်းနားတို့အတွက် ဒီပွဲက သိပ်ကို အရေးကြီးတဲ့ပွဲ။ ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ အန်ကတ်တီးရား ဂိုးသွင်းနိုင်ခဲ့တယ်။ သူ့က သွင်းဂိုးကို အတော်လေး ကောင်းကောင်း ရယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ ဖြေရှင်းရမယ့် ကြီးမားတဲ့ စမ်းသပ်မှုတွေ ရှိနေပါသေးတယ်။ ဂျေးဆု မပါဘဲ သူတို့ ဖြေရှင်းရမယ့် ပွဲတွေ ရှိနေသေးတာပါ။
ရာသီစတုန်းက ဘရိုက်တန်ဟာ ကာရာဘောင်းကနေ အာဆင်နယ်ကို ရှင်းထုတ်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်ကို ရင်ဆိုင်ရာမှာ ဘရိုက်တန်က ရလဒ်ကောင်းတွေ ရှိထားပါတယ်။ ဧပရယ်လတုန်းက အမ်းမရိတ်မှာ အာဆင်နယ်ကို သူတို့ အနိုင်ယူခဲ့တာမျိုးပေါ့။
ဒီပွဲမှာ ဘရိုက်တန်တို့ပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားဟန်ကြောင့် ဒီပွဲမှာ အာဆင်နယ်ကလည်း အခွင့်အရေး ရသွားမှာပါ။
တော်တင်ဟမ် v အက်စတွန်ဗီလာ
တော်တင်ဟမ်တို့ထံကနေ ဘာကို မျှော်လင့်ရမယ် မသိတော့ပါဘူး။ အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းပေမယ့် သူတို့က အတော်လေး မတည်ငြိမ်တာပါ။ ဒီပွဲမှာ ဘယ်လို စပါးအသင်းမျိုး မြင်ရမယ်ဆိုတာ မသေချာပါဘူး။ နည်းပြကွန်တီကလည်း သူတို့ ကြိုးစားပေမယ့် ဘာလို့ နောက်ကနေပဲ လိုက်ကစားနေရတယ် မသိတော့ဘူးလို့ ပြောထားပါတယ်။
အက်စတွန်ဗီလာကတော့ လီဗာပူးကို အရေးနိမ့်ခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ် ကစားပုံ ကောင်းပါတယ်။ ဒီပွဲကတော့ သရေပွဲဖြစ်မယ် ခံစားမိနေတယ်။ စပါးက ဘာခြေစွမ်းနဲ့ လာမယ့် မသိတော့ သရေပဲ ဖြစ်သွားမှာပါ။
နော်တင်ဟမ် ဖောရက်စ် v ချယ်ဆီး
အရင်ပွဲတုန်းက ချယ်ဆီးက ဘုန်းမောက်ကို နိုင်ဖို့လိုခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။ ဖောရက်စ်ကတော့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ဘာမှ လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒီရာသီ ချယ်ဆီးရဲ့ အဓိက ပြဿနာက ဂိုးသွင်းနိုင်ဖို့ ဖြစ်နေပေမယ့် အဲ့အပိုင်းမှာ နော်တင်ဟမ် ဖောရက်စ်က ပိုကြီးမားတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သူတို့ဟာ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှုတွေကို လုံလောက်အောင် ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
ဖောရက်စ်က သူတို့ရဲ့ အိမ်ကွင်း ပုံစံတွေနဲ့ လိဂ်မှာ ဆက်နေခွင့်ရအောင် အားထုတ်မယ်လို့ ခံစားနေရတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဝေးကွင်း ရလဒ်တွေက မကောင်းဘူးလေ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့ ရမှတ် ယူနိုင်မယ် မထင်ပါဘူး။ ကျနော်ကတော့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ချယ်ဆီးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။
အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းရလဒ်များ
- West Ham 1-1 Brentford
- Bournemouth 1-1 Crystal Palace
- Fulham 2-0 Southampton
- Newcastle 2-0 Leeds