ဘယ်ဂျီယံထွက်၊ ဘောလုံး စည်းမကျော်လို့ ဂျာမနီပြုတ်၊ ရာထူးက ထွက်တဲ့ မာတီနက်စ်၊ အနားယူတဲ့ သောမက်စ် မူလာနဲ့ နံနက်ခင်း သတင်းများ

ကမ္ဘာ့ဖလား အုပ်စု E ရဲ့ နောက်ဆုံးပွဲမှာ ဂျပန်က စပိန်ကို ၂-၁ ဖြင့် အနိုင်ယူခဲ့ကာ အုပ်စုဗိုလ် နေရာကို ရယူသွားခဲ့တယ်။ အခြားပွဲမှာ ဂျာမနီအသင်းဟာ ကော်စတာရီကာကို ၄-၂ ဖြင့် အနိုင်ရပေမယ့် အုပ်စုအဆင့်ကနေပဲ ထွက်ခွာရပြီဖြစ်ပါတယ်။

အဆိုပါ အုပ်စုဟာ ပွဲချိန်တွင်းမှာ တစ်လှည့်စီ အမှတ်ပေးဇယား အထက်အောက်တွေ ရယူခဲ့ပြီး ဂျာမနီ၊ ကော်စတာရီကာက ရှုံးထွက်တက်နိုင်မယ့် အနေအထားတွေ ရှိခဲ့သလို စပိန်က အုပ်စုကနေ ထွက်ခွာရမယ့် အခိုက်အတန့်တွေလည်း ရှိခဲ့သည်ထိ အကျိတ်အနယ် ဖြစ်ခဲ့ကြတာပါ။

ဂျပန်အသင်း သွင်းယူတဲ့ ဒုတိယဂိုးမှာ ဂိုးလိုင်းကို ကျော်သွားခဲ့တယ်လို့ အနီးကပ် ပုံရိပ်တွေက ဆိုခဲ့ကြပေမယ့် ဒီသွင်းဂိုး ခွင့်ပြုခံရခြင်းဟာ ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလား အဆင့်ရပ်တည်ချက်ကို ပြောင်းလဲစေခဲ့ပါတယ်။

ကမ္ဘာ့ဖလား အုပ်စု F မှာတော့ ခရိုအေးရှားကို ၀-၀ ပဲ ကစားနိုင်ခဲ့တဲ့ ဘယ်ဂျီယံကလည်း အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရကာ မိုရိုကိုက အုပ်စုဗိုလ်၊ ခရိုအေးရှားက အုပ်စု ဒုတိယဖြင့် ရှုံးထွက်ထံ တက်ရောက်ပါတယ်။

ခရိုအေးရှားကို သရေကျခြင်းကြောင့် အုပ်စုအဆင့်ကနေ ထွက်ခွာရအပြီး ဘယ်ဂျီယံနည်းပြ ရာထူးကနေ နုတ်ထွက်ပြီလို့ နည်းပြ မာတီနက်စ်က ထုတ်ပြောပါတယ်။ ဘာအောင်မြင်မှု မရပါဘဲ ဘယ်ဂျီယံရဲ့ ရွှေရောင်မျိူးဆက် အဆုံးသတ်ခဲ့ပြီလို့ မှတ်ချက်ပေးခံနေရပါတယ်။

ရှုံးထွက်မှာတော့ ဂျပန်ဟာ ခရိုအေးရှားဖြင့် အတွဲကျပြီး စပိန်ကတော့ မိုရိုကိုဖြင့် အတွဲကျနေပြီ ဖြစ်ပါတယ်။

ဂျာမနီ တိုက်စစ်မှူး သောမက်စ် မူလာက လက်ရွေးစင်အတွက် ကစားပေးခြင်းကနေ အနားယူပြီလို့ ကြေညာခဲ့ပြီး ဂိုးသမား နူအာကတော့ အသင်း ခေါ်ယူရင် ဆက်ကစားဦးမယ်လို့ ပွဲအပြီး ထုတ်ပြောခဲ့ကြပါတယ်။

မက်ဆီကို ပင်နယ်တီ လောင်းကြေးထပ်ရာမှာ အရေးနိမ့်လို့ ယူရို ၁၀၀ ရှုံးပေမယ့် မပေးခဲ့တဲ့ ပိုလန်ဂိုးသမား ဆက်ဇနီဟာ အသင်းဖော် မတ်တီခက်စ်အတွက် အာဂျင်တီးနား အသင်းခေါင်းဆောင်ရဲ့ ဂျာစီကိုတောင် သွားတောင်းပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ် ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စား စောင့်ကြည့်လာကြောင်း ပေါ်တူဂီ ဘက်က သတင်းတွေက ဖော်ပြလာပါတယ်။

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ စပါး နည်းပြဟောင်း ပိုချက်တီနို က နိုင်ငံအသင်း နည်းပြ လုပ်ဖို့ အရင် က မစဉ်းစားခဲ့ပေမယ့် ခုနေမှာ လမ်းဖွင့်ထားပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားမှာ ဂါနာအသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ ကူဒက်စ်ကို လိုချင်တဲ့ ကလပ်တွေ များစွာ ထွက်ပေါ်လာနေပါတယ်။ အေဂျက်က ပေါင် သန်း ၃ဝ သတ်မှတ်ထားတဲ့ ကူဒက်စ် ကို ပရီးမီးယားလိဂ်မှ လီဗာပူး၊ နယူးကာဆယ် အပြင် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ လိုင်ယွန်၊ နာပိုလီနဲ့ အက်သလက်တီကို မက်ဒရစ် တို့က စိတ်ဝင်စားနေနပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ PSV ကစားသမား ဂတ်ပို ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။ သရဲနီတွေက ကစားသမားနဲ့ တောက်လျောက် ဆက်သွယ်နေပြီး ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅ဝ အထက် ဆိုရင် PSV လက်ခံနိုင်ဖို့ ရှိနေပါတယ်။