ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် အဝေးကွင်းမှာ ဂျူဗင်တပ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပေမယ့် ဘင်ဖီကာက အုပ်စုဗိုလ်နေရာကို ကျော်တက် ရယူသွားခဲ့ပြီဖြစ်ပါတယ်။
အုပ်စုအဆင့် နောက်ဆုံးပွဲ မတိုင်ခင်မှာ လူတိုင်းက ပီအက်စ်ဂျီတို့ အုပ်စုဗိုလ်အဖြစ် နောက်အဆင့်တက်မယ်လို့ ထင်ခဲ့ကြတာပါ။ ဂျူဗင်တပ်ကို ရင်ဆိုင်ရာမှာ အမ်ဘတ်ပီရဲ့ ဦးဆောင်ဂိုးကို ဘိုနူချီက ခြေပဂိုး သွင်းခဲ့ပေမယ့် ပွဲချိန် ၆၉ မိနစ်မှာ နူနို မန်ဒက်စ်က အနိုင်ဂိုး သွင်းယူခဲ့ကာ ရမှတ် ၁၄ မှတ်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အခြားပွဲစဉ်မှာ ဘင်ဖီကာက ပြိုင်ဘက် မက်ကာဘီကို အဝေးကွင်းမှာ ၁-၆ ဖြင့် အနိုင်ရသွားမယ့် ၉၂ မိနစ် သွင်းဂိုး ရသွားခဲ့ချိန်မှာ အုပ်စုအဆင့် ရပ်တည်ချက်က အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့ဟာ အုပ်စုတွင်း နှစ်ကျော့ ထိပ်တိုက်တွေ့မှုမှာ နှစ်ကျော့လုံး ၁-၁ ရလဒ်တွေ ထွက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဂိုး ၁၆ ဂိုး၊ ပေးဂိုး ၇ ဂိုးနဲ့ ရမှတ် ၁၄ မှတ်တွေအပြင် ဂိုးကွာခြားချက်လည်း တူညီခဲ့ကြတယ်။
ဒါကြောင့် နောက်ဆုံး အဆုံးအဖြတ်အဖြစ် အဝေးကွင်း သွင်းဂိုး ပိုများတဲ့ အသင်းက ဇယားထိပ်က ဦးဆောင်ခွင့် ရဖို့ဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီက ဒီရာသီ ချန်ပီယံလိဂ်မှာ အဝေးကွင်း သွင်းဂိုး ၆ ဂိုးရထားချိန် ဘင်ဖီကာက ၉ ဂိုးထိ ရထားခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်မှာတော့ မန်စီးတီး၊ ချယ်ဆီး၊ စပါး၊ ပေါ်တို၊ ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ဘိုင်ယန်မြူးနစ်တို့ထဲက တစ်သင်းဖြင့် ထိပ်တိုက်တွေ့တော့မှာပါ။ ပဲရစ်ကလပ်ဟာ တောင့်တင်းတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမယ်ဆိုတာက သေချာခဲ့ပြီဖြစ်ပါတယ်။