ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီ တို့ဟာ ဝင်ဘာလေမှာ ပေါင်သန်း ၉၀ တန် All-Star ပွဲတစ်ပွဲမှာ ဦးဆောင်ပါဝင်ဖို့ အတော်လေးကို နီးစပ်ခဲ့တယ်လို့ သိရပါတယ်။
ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် ခေတ်ပြိုင် ကျော်ကြားခဲ့တဲ့ သူတို့ နှစ်ဦးကြားမှာ ဘယ်သူက ပိုကောင်းလဲဆိုတဲ့အပေါ် ပရိသတ်တွေက နှစ်ပိုင်း ကွဲနေတာနဲ့အတူ မက်ဆီ VS ရော်နယ်ဒို အငြင်းပွားမှုဟာ နှစ်ပေါင်းများစွာ ပြင်းထန်ခဲ့တာပါ။
မက်ဆီနဲ့ ရော်နယ်ဒိုဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်မှာ ရှိခဲ့စဉ်အတွင်း အယ်ကလပ်စီကို ပွဲများစွာမှာ ထိပ်တိုက်တွေ့ခဲ့ကာ သူတို့နှစ်ယောက်ရဲ့ ဂန္တဝင်ပြိုင်ဆိုင်မှုက နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တာပါ။ သူတို့ နှစ်ဦးကြားမှာ ဘလွန်းဒီအော့ဆု ၁၂ ကြိမ် အနိုင်ရခဲ့တာကလည်း ဘောလုံးကမ္ဘာအပေါ် လွှမ်းမိုးထားနိုင်စွမ်းကို သိသာစေပါတယ်။
Wall Street သတင်းထောက်တွေဖြစ်တဲ့ ဂျိုရှူဝါ ရော်ဘင်ဆန်နဲ့ ဂျွန်နသန် ကလပ်တို့ရဲ့ ‘Messi VS Ronaldo’ အမည်ရ စာအုပ်မှာ ဖော်ပြထားတာက ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ဖို့ ပွဲစီစဉ်သူတွေ စဉ်းစားခဲ့တယ်လို့ သိရတယ်။
၂၀၁၄ ခုနှစ်တုန်းက အင်တာနက်လုပ်ငန်းဆိုင်ရာ သူဋ္ဌေးကြီး ရောဘတ် ဘွန်နီယာဟာ ဒီကစားသမားနှစ်ယောက်ကို ပရောဂျက်တစ်ခုမှာ ပါဝင်စေဖို့ ချဉ်းကပ်ခဲ့တာဖြစ်ပြီး နှစ်ယောက်လုံးက စိတ်ဝင်စားခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်က တောင်ပိုင်းနဲ့ မြောက်ပိုင်းကြား All-Star ပွဲကန်ဖို့ တော့ဒ်ဘိုးလီရဲ့ အိမ်မက်လိုမျိုး မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ တစ်သင်းစီရဲ့ အဓိက ကစားသမားတွေအဖြစ် ရွေးချယ် ပါဝင်ခွင့်ရမှာပါ။ ဝင်ဘာလေကွင်းမှာ နှစ်နှစ် တစ်ကြိမ် ကျင်းပဖို့ပါ ရည်ရွယ်ခဲ့ပါတယ်။

ဒီပွဲဟာ ဘောလုံးလောကထဲက အတော်ဆုံး ပါရမီရှင်တွေ ထိပ်တိုက်တွေ့မယ့် ပွဲတစ်ခုတင် မဟုတ်ဘဲ စီစဉ်သူတွေဟာ ဂီတပွဲတွေ၊ လက်ဝှေ့ပွဲတွေနဲ့ပါ ထည့်သွင်းဖို့ ကြံစည်ထားတာ ဖြစ်ပါတယ်။ Nike, Adidas တို့လို့ သူတို့နှစ်ယောက်ရဲ့ သက်ဆိုင်ရာ စပွန်ဆာတွေ ပေးတဲ့ ဂျာစီတွေကို ဝတ်ဆင်ကြဖို့လည်း ရှိခဲ့ပါတယ်။
မက်ဆီရော ရော်နယ်ဒိုပါ All-Star ပွဲကန်ဖို့ စိတ်ကူးကို သဘောကျခဲ့တယ်လို့ ထင်ရပေမယ့် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ဟာ ပေါင် ၂၁ သန်းရမှသာ သူ့ကစားသမားတွေကို ဒီပွဲမှာ ပါဝင်ခွင့်ပေးမယ်လို့ ပြောခဲ့တာပါ။
နောက်ဆုံးမှာတော့ နိုင်ငံရေး ပါဝင်ပတ်သက်မှု များပြားလွန်းသလို၊ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့တွေ အများကြီး ဖြစ်နေခဲ့တာကြောင့် ဒီအစီအစဉ်တွေက မဖြစ်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။
