ချယ်ဆီးပွဲ ရွှေ့ဆိုင်းခြင်းနဲ့အတူ သတင်းကောင်းကော သတင်းဆိုးပါ ပိုင်ဆိုင်သွားတဲ့ လီဗာပူး

ဒီအပတ် ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ခြင်းနဲ့အတူ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ၁၇ ရက်တိုင် ပွဲကစားရဖို့ ရှိတော့မှာ မဟုတ်ပါဘူး။

ကြားရက်မှာ အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲကို ပုံမှန်အတိုင်း ယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ ဒီလထဲမှာ အမှတ်ပေးပွဲ ကစားရတော့မှာ မဟုတ်ဘဲ အောက်တိုဘာလမှာ ဘရိုက်တန်ပွဲကနေ စတင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်ကို ပြန်လည် ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

အေဂျက်ပွဲ မတိုင်ခင်မှာတင် လီဗာပူးအသင်း အဓိက ဘယ်အစွန်လူ ရော်ဘတ်ဆန် ဒဏ်ရာရသွားခဲ့ပါတယ်။ ကလော့ပ်ကတော့ သူက နိုင်ငံတကာ သီတင်းပတ် အပြီးမှ ပြန်ကစားနိုင်မယ်လို့ ဆိုခဲ့တယ်။ လက်ရှိမှာ ကိုနတေး၊ ရမ်ဆေး၊ ကလယ်ဟာ၊ ဟန်ဒါဆန်၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ဂျုံးတို့ကလည်း ပြန်မကောင်းကြသေးပါဘူး။

ဒါကြောင့် ကြံ့ခိုင်မှု ရုန်းကန်နေရတဲ့ စီနီယာတွေ များပြားနေချိန် ပွဲတွေ မကစားရတာက ရလဒ်တွေ ဆိုးရွားနေတဲ့ လီဗာပူးအတွက် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီကာလတွေအတွင်း ကြံ့ခိုင်မှု ပြန်လည် ကြိုးစားလာခြင်းနဲ့အတူ ဘောလုံးရာသီကို အကောင်းဆုံး ပြန်လည် စတင်နိုင်ပါတယ်။

ဒါပေမယ့်လို့ ဒီလထဲမှာ လီဗာပူးတို့ မကန်ခဲ့ရတဲ့ ဝုဗ်၊ ချယ်ဆီးတို့ကလည်း တောင့်တင်းတဲ့ အခြေအနေမှာ မရှိပါဘူး။ ဒီပွဲစဉ်တွေကို ဇန်နဝါရီမှာ ပြန်လည် ယှဉ်ပြိုင်ရာမှာ ပြိုင်ဘက်တွေဟာ လက်ရှိထက် တောင့်တင်းလာမှာ၊ ချယ်ဆီးအသင်းလို နည်းပြသစ်နဲ့ အသားကျလာမှာတွေ ရှိနေပါတယ်။

လီဗာပူးအတွက် အဓိက သတင်းဆိုးကတော့ ရွှေ့ဆိုင်းထားတဲ့ လိဂ်ပွဲ ၂ ပွဲဟာ ဒုတိယ ရာသီဝက်မှာ ပြန်လည် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါဟာ မာဆေးဆိုဒ်ကလပ်ရဲ့ ပွဲစဉ်ဇယားကို လုံးဝ အနားမရသွားအောင် ကျပ်တည်းသွားစေနိုင်တာပဲ ဖြစ်ပါတယ်။

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် လေးစားမှုကို ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေတုန်းကစပြီး အင်္ဂလန်မှာ ဘောလုံးပွဲအားလုံးကို ဖျက်သိမ်းခဲ့တာပါ။ ဒါ့အပြင် ဒီအပတ်အတွင်း လူထောင်သောင်းများစွာက ဝမ်းနည်းကြောင်းတွေ ပြသဖို့ရာ လန်ဒန်ကို လာကြမှာဖြစ်လို့ လန်ဒန်မှာ ရဲအင်အား မလုံလောက်မှုတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ ဒီအပတ်မှာ ယှဉ်ပြိုင်မယ့် ချယ်ဆီး v လီဗာပူး၊ မန်ယူနိုက်တက် v လိဒ်ယူနိုက်တက်၊ ဘရိုက်တန် v ပဲလေစ့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။