ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာရေး ရေပန်းအစားဆုံး ဖြစ်နေတဲ့ မန်စီးတီးဟာ သူတို့အသင်းအပေါ် လေးစားမှုတွေက အားနည်းနေတယ်လို့ ယူဆဟန်ရှိပြီး ရာသီသိမ်းခါနီးမှ ဆက်တိုက်ဆိုသလို စောဒကတက်မှုတွေ ရှိလာနေပါတယ်။
မန်နေဂျာဂွာဒီယိုလာက အင်္ဂလန်က လူတိုင်းဟာ လီဗာပူးကိုပဲ ချန်ပီယံဖြစ်စေချင်နေတယ်လို့ စွပ်စွဲခဲ့သလို သူ့ရဲ့ မီဒီယာတွေ့ဆုံမှုတိုင်းမှာ တနည်းမဟုတ် တနည်းနဲ့ လီဗာပူးအကြောင်း ပြောဆိုချက်တွေကို ကြားနေရတာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ မန်စီးတီး ပရိသတ်တွေကပါ ခံစားချက်တွေ ပွင့်ထွက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ လီဗာပူးအသင်းက ဆောက်သမ်တန် အိမ်ကွင်းထံ သွားရောက်ပြီး ပရီးမီးယားလိဂ် လက်ကျန် ၁ ပွဲကို ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ အဆိုပါပွဲ မတိုင်ခင်မှာ မန်စီးတီးက လိဂ်ကို ၄ မှတ်ဖြတ်ထားတာကြောင့် ဆောက်သမ်တန်ကို အရေးနိမ့်မယ်ဆိုရင် ဒီရာသီ ချန်ပီယံက မန်ချက်စတာကလပ် ဖြစ်သွားမှာပါ။
ဒါပေမယ့် လီဗာပူးက နောက်ကနေ ပြန်လိုက်ကစားနိုင်ချိန်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲက နောက်ဆုံးရက်ထိ ယှဉ်ပြိုင်ရဖို့ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း စကိုင်းစပေါ့က စူပါဆန်းဒေးမှာ ယှဉ်ပြိုင်မယ့် ဖိုင်နယ်နေ့အတွက် ကြေညာတဲ့ graphic ပုံရိပ်ကို တိုက်ရိုက် ထုတ်လွှင့်မှုမှာ စာတန်းထိုးခဲ့တာဖြစ်တယ်။
စကိုင်းရဲ့ graphic မှာတော့ ချန်ပီယံဆုဖလားရဲ့ ဖဲကြိုးနေရာမှာ အနီရောင်ကို အသုံးပြုထားခဲ့ပါတယ်။ ဒါဟာ ဆုဖလားအတွက် ပိုမို ရေပန်းစားတဲ့ မန်စီးတီးထက် လီဗာပူးအသင်းကိုပဲ ဦးစားပေးနေတာလို့ မန်ချက်စတာ ပရိသတ်တွေက ယုံကြည်ခဲ့ကြပြီး ဒီကိစ္စအတွက် စကိုင်းစပေါ့ကို စောဒကတက် တိုင်ကြားခဲ့တာဖြစ်တယ်။
ပုံမှန်အားဖြင့် ပရီးမီးယားလိဂ် ဆုဖလားမှာ တပ်ဆင်ပေးတဲ့ ဖဲကြိုးတွေဟာ ချန်ပီယံဖြစ်တဲ့ အသင်းတွေရဲ့ အဓိက အရောင်အတိုင်း ပြောင်းလဲပေးတာဖြစ်ပြီး မန်စီးတီးအတွက်ဆိုရင် မိုးပြာရောင်နဲ့ အဖြူရောင် ဖဲကြိုးတွေကို သုံးပေးမှာဖြစ်တယ်။ လီဗာပူး ချန်ပီယံဖြစ်ရင်တော့ အနီရောင် တစ်မျိုးတည်းကို သုံးပေးမှာဖြစ်ပါတယ်။
ဒါနဲ့တင် မပြီးသေးဘဲ စကိုင်းစပေါ့က ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ Vote ပေးဖို့ မေးမြန်းတဲ့ graphic မှာ ပရီးမီးယားလိဂ်ဖလားကို မိုးပြာရောင်နဲ့ အဖြူရောင် ဖဲကြိုးတွေက တစ်ဘက်၊ အနီရောင် ဖဲကြိုးတွေက တဖက်နဲ့ ဖော်ပြပေးခဲ့ပေမယ့် နောက်ခံကာလမှာ အနီရောင်တွေ များနေတယ်လို့ မန်စီးတီးပရိသတ်တွေက ထပ်ပြီး စောဒက တက်ခဲ့ကြပါတယ်။
မန်စီးတီးပရိသတ်တွေကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုထက် လီဗာပူးရဲ့ ချန်ပီယံလိဂ် တက်ရောက်မှုအပေါ်မှာ ပိုမို အသိအမှတ် ပြုနေကြမှုကို ခါးသီးနေကြပြီး အခုချိန်မှာတော့ လီဗာပူးနဲ့ ပတ်သက်လာရင် အစစ အရာရာကို မျက်စိ ဒေါက်ထောက် ကြည့်နေဟန် ရှိတယ်လို့ မှတ်ချက်ပေးခံနေရတာပဲ ဖြစ်ပါတယ်။